မန်စီးတီးရဲ့ ကျရှုံးနိင်ခြေကို ရွေးချယ်ပြီး အာဆင်နယ်ကို ယုံကြည်မှုမဆုံးရှုံးဖို့ ပြောခဲ့တဲ့ ပေါလ် မာဆန် coyg

မန်စီးတီးရဲ့ ကျရှုံးနိင်ခြေကို ရွေးချယ်ပြီး အာဆင်နယ်ကို ယုံကြည်မှုမဆုံးရှုံးဖို့ ပြောခဲ့တဲ့ ပေါလ် မာဆန်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးအတွက် ကျရှုံးနိုင်ခြေရှိတဲ့ လာမယ့်ပွဲစဉ်ကို သတ်မှတ်ခဲ့ပါတယ်။

မာဆန်ရဲ့ အသင်းဟောင်းဟာ ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ ၆ ပွဲသာ လိုတော့တဲ့အချိန်မှာ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ၂ ပွဲလျော့နေသလို ဗုဒ္ဓဟူးနေ့ အစ်တီဟတ်မှာ ဂန်းနားတွေကို ရင်ဆိုင်ချိန်မှာ ရမှတ်ကွာဟချက်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ပေါလ် မာဆန်က မန်ချက်စတာစီးတီးအနေနဲ့ ခြေချော်သွားနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ချဉ်းကပ်လာနေတယ်လို့ ခံစားနေရပြီး ၃ ပွဲဆက်တိုက် သရေကျခဲ့ပြီးနောက် အာဆင်နယ်ကို ယုံကြည်မှု မဆုံးရှုံးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော် တော်တော်လေး ယုံကြည်ချက်ရှိနေဆဲပါ။ မန်စီးတီးကို ဒုက္ခပေးနိုင်တဲ့ ပွဲစဉ်တွေရှိတယ်လို့ ကျွန်တော်ထင်တယ်။ ခင်ဗျား ရီးရဲလ်မက်ဒရစ်နဲ့ပွဲမတိုင်ခင် ကြားထဲမှာ မကစားချင်တဲ့ပွဲက အဲဗာတန်အဝေးကွင်းပွဲ ဖြစ်ပါလိမ့်မယ်။ ရှောင် ဒိုက်ချ်က အရမ်းခက်ခဲအောင် လုပ်သွားမှာပါ။ အဲဒါကြောင့်ပဲ အားလုံးက ပရီးမီးယားလိဂ်ကို နှစ်သက်နေတာပါ။ ထိပ်ဆုံးက အောက်ဆုံးကအသင်းနဲ့ ကစားခဲ့ပြီး သူတို့တွေ နောက်ဆုံးမိနစ်မှာ ၂ ဂိုး သွင်းခဲ့တယ်။ တစ်စုံတယောက်ဟာ နောက်တစ်ပတ် ဒါမှမဟုတ် ၂ ပတ်လောက်ပဲ ကစားရတော့မှာဖြစ်ပြီး အီဒါဆန်က ပင်နယ်တီပေးဖို့ ပြေးထွက်လာတာ ဒါမှမဟုတ် အနီကတ်ယူတာမျိုးဖြစ်ရင် အဲဒါက လျင်လျင်မြန်မြန် ပြောင်းလဲသွားနိုင်တယ်”

“မန်စီးတီးက အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ယူပြီး ရက်အနည်းငယ်အကြာမှာ သူတို့တွေ နော်တင်ဟမ်ဖောရက်စ်နဲ့ သွားကစားခဲ့ပြီး ၁-၁ သရေကျခဲ့တယ်။ သူတို့တွေ အဲဒီပွဲကို ၁၀၀ လေး ၁ လေးကို အနိုင်ရရှိခဲ့ရမှာပါ။ ဒါက ဘယ်လောက်အထိ အလျင်အမြန် ပြောင်းလဲနိုင်လဲဆိုတာ ပြသနေတာဖြစ်ပြီး အာဆင်နယ်ရဲ့လက်ထဲမှာ ပြန်ရောက်လာခဲ့တယ်။ ကျွန်တော်သာ အာဆင်နယ်ဆိုရင် ယုံကြည်မှု ဆုံးရှုံးမှာ မဟုတ်သေးပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ယုံကြည်မှု ဆုံးရှုံးမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်ကတော့ ဂန်းနားတွေ နောက်ထပ်ခြေချော်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ မန်စီးတီးက ရေပန်းအစားဆုံးဖြစ်နေပြီလို့ သတိပေးခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ စနေနေ့က ရှက်ဖီးယူနိုက်တက်ကို ၃-၀ နဲ့ သက်တောင့်သက်သာအနိုင်ယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ ၁၉၉၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်နောက်ပိုင်း ဖလား ၃ လုံးတပြိုင်နက် ရယူနိုင်တဲ့ ဒုတိယမြောက် အင်္ဂလိဂ်အသင်းဖြစ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်ကို မန်စီးတီးသာ ဖလား ၃ လုံးတပြိုင်နက်ရရှိသွားမယ်ဆိုရင် ၎င်းကို စိတ်အနှောင့်အယှက်ဖြစ်စေမလားလို့ မေးမြန်းခဲ့ရာမှာ “ဖြစ်မှာပါ။ ဒါပေမယ့် မဖြစ်ပါဘူး။ ကျွန်တော် အောင်မြင်တဲ့ အသင်းတွေကို မနာလိုမဖြစ်ပါဘူး။ ဆုဖလားတစ်လုံးရဖို့က ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကျွန်တော် သိပါတယ်။ တကယ်လို့ စီးတီးသာ ဖလား ၃ လုံးရသွားမယ်ဆိုရင် ကျွန်တော် ရိုးရိုးသားသားပဲ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောမှာပါ”

“ဒါပေမယ့် အဲဒါက ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့တွေ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ဖို့က အခက်အခဲ အနည်းငယ် ရှိနေပါတယ်။ သူတို့တွေက အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ရေပန်းအစားဆုံးအသင်းဖြစ်နေပါတယ်။ အရမ်းကို ရေပန်းစားနေတယ်။ ကြီးမားတဲ့ ပြဿနာက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ဖို့ပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet