ဘိုင်ယန်မှာကတည်းက အထင်ကြီးခဲ့မိတဲ့ ဂန်းနားကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ဂွါဒီယိုလာ
ပက် ဂွါဒီယိုလာက အစ်တီဟတ်မှာ ကစားရမယ့် ပွဲကြီးပွဲကောင်းမတိုင်ခင် အာဆင်နယ်ရဲ့ ထူးခြားတဲ့ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကို ချီးကျူးခဲ့ပါတယ်။
မန်ချက်စတာစီးတီးဟာ ယနေ့ညမှာ ပရီးမီးယားလိဂ်ဖလားကို အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းထက် ၂ ပွဲပို ၅ မှတ်အသာနဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းကတည်းက အစ်တီဟတ်မှာ နိုင်ပွဲ မရရှိခဲ့တဲ့အတွက် စိုးရိမ်စရာဖြစ်နေပြီး အာဆင်နယ်အနေနဲ့ ဆုဖလားပြိုင်ပွဲအတွင်း ထူးခြားတဲ့အရာတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့ အော်ဒီဂွါဒ်တင်မကဘဲ ကစားသမားတွေအားလုံးက ထိပ်တန်းပုံစံမှာ ရှိနေဖို့ လိုမှာ ဖြစ်ပါတယ်။
နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ အူဘာမီယန်း ထွက်ခွာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ် ၃၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
အသက်ငယ်ငယ်ကတည်းက ကြယ်ပွင့်ဖြစ်လာမယ့်သူလို့ တစ်ကြိုပေးခံခဲရတဲ့ နော်ဝေကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်တို့ အပါအဝင် ဥရောပတလွှားက ထိပ်တန်းကလပ်အသင်းတွေကို ကာလတို လေ့ကျင့်ရေးအလည်အပတ်ထွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ ဆယ်ကျော်သက်အရွယ် အော်ဒီဂွါဒ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့ချိန်တုန်းက မြူးနစ်မှာ ရှိနေခဲ့တာဖြစ်ပြီး မန်စီးတီးနည်းပြက လက်ရှိမှာတော့ အဲဒီအချိန်တုန်းက နော်ဝေကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အထင်ကြီးမိခဲ့လဲဆိုတာကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“ကျွန်တော် အပြည့်အဝ မှတ်မိသေးတယ်။ သူ လေ့ကျင့်ရေးအစီအစဉ် ၂ ရက်၊ ၃ ရက်ကို သူ့အဖေနဲ့ လာခဲ့တာပါ။ ဒီကစားသမား ကစားတာ ကောင်းလိုက်တာလို့ တွေးဖို့ ကျွန်တော် ၅ မိနစ်ပဲ အချိန်လိုအပ်ခဲ့တယ်။ သူက ဥရောပတလွှားကို ခရီးထွက်ခဲ့ပြီး အသင်းအများအပြားမှာ လေ့ကျင့်ရေး ဆင်းခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဆုံးမှာတော့ အာဆင်နယ်က သူ့အတွက် ဆွဲဆောင်မှုရှိခဲ့တယ်။ ထူးခြားတဲ့ ကစားသမားပါ”
“သူ့အသက်အရွယ်နဲ့ အာဆင်နယ်မှာ အချိန်တိုအတွင်း အသင်းခေါင်းဆောင်ဖြစ်နေဖို့က ခင်ဗျားမှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိနေရမှာပါ။ အသင်းခေါင်းဆောင်ဖြစ်ဖို့ အားသာချက်ရှိနေရမှာပါ။ မီခေးလ်က သူ့မှာ အသင်းခေါင်းဆောင်ဖြစ်လာဖို့ အားသာချက် မရှိနေဘူးဆိုရင် အသင်းခေါင်းဆောင်ရာထူး ပေးမှာမဟုတ်ပါဘူး။ သူက တကယ်ကောင်းမွန်ခဲ့တယ်။ ပင်နယ်တီဧရိယာဝန်းကျင်က နေရာလွတ်တွေမှာ တကယ်ကောင်းမွန်တဲ့ ရွေ့လျားမှုတွေ ပြုလုပ်ခဲ့တယ်။ ဂိုးဖန်တီးမှုပဲ ပြုလုပ်နိုင်တဲ့ကစားသမားမဟုတ်ဘဲ နိင်ပွဲတွေ၊ သွင်းဂိုးတွေရယူနိုင်တဲ့ကစားသမားပါ။ တကယ် ကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Praise Talks
- Rivals' Talk