ပြေးလမ်းပေါ်မှာ အင်ဂျင်မီးလောင်ခဲ့တဲ့ ဂန်းနားလေဒီတွေ လိုက်ပါခဲ့တဲ့ လေယာဉ် coyg

ပြေးလမ်းပေါ်မှာ အင်ဂျင်မီးလောင်ခဲ့တဲ့ ဂန်းနားလေဒီတွေ လိုက်ပါခဲ့တဲ့ လေယာဉ်

ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်အမျိုးသမီးအသင်းကစားသမားတွေကို ယူကေကို ပြန်လည်ပို့ဆောင်ပေးမယ့် လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ်မှာပဲ မီးစွဲလောင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းဟာ ဝုဖ်ဘတ်နဲ့ ၂-၂ သရေကျခဲ့တာဖြစ်ပြီး လန်ဒန်ကို ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အင်ဂျင်က မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Bild ရဲ့ ဖော်ပြချက်အရ ဘိုးရင်း ၇၃၇ ရဲ့ ဘယ်ဖက် အင်ဂျင်ဟာ လေယာဉ် ပျံသန်းဖို့ ပြေးလမ်းကြောင်းပေါ်မှာ အရှိန်ယူနေချိန်မှာ မီးစွဲလောင်ခဲ့တာဖြစ်တယ်လို့ သိရပြီး မျက်မြင်တွေ့ခဲ့သူတွေရဲ့ ပြောကြားချက်အရ ကျယ်လောင်တဲ့ ပေါက်ကွဲသံကို ကြားခဲ့ရပြီး လေယာဉ်မှူးက လေယာဉ်ကို မူလနေရာမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြန်လည် ပါကင်ထိုးရပ်နားနိုင်ခဲ့တာဖြစ်ပါတယ်။

လေဆိပ်ပြောရေးဆိုခွင့်ရှိသူက ငှက်တွေ ဝင်တိုက်ခဲ့မှုကြောင့် မီးစွဲလောင်ခဲ့တာဖြစ်ပြီး လေယာဉ် ပန်ကာထဲကို ငှက်အများအပြား ဝင်သွားခဲ့ပြီးနောက် မီးစတင် စွဲလောင်ခဲ့တာဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်မှုတွေ အလျင်အမြန် ရောက်လာခဲ့ပေမယ့်လည်း ဒီဖြစ်စဉ်မှာ ဘယ်သူမှ ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ဘူးလို့ ယုံကြည်ရပြီး ကစားသမားတွေဟာ နောက်နေ့ အစားထိုးလေယာဉ်နဲ့ လန်ဒန်ကို ပျံသန်းရမှာဖြစ်တာကြောင့် နီးစပ်ရာဟိုတယ်မှာ တစ်ညအိပ်ခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်း ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ လေယာဉ်ဟာ ဂျာမနီကနေ တနင်္ဂနွေနေ့ညနေမှာ မထွက်ခွာမီ နည်းစနစ်ပိုင်းအမှားအယွင်းရှိခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ တနင်္လာနေ့ညနေမှာ အင်္ဂလန်ကို မပျံသန်းမီ တနင်္ဂနွေနေ့တစ်ည ဝုဖ်ဘတ်မှာ ဆက်နေခဲ့ရပါတယ်။ ကျွန်တော်တို့ လေယာဉ်ပေါ်က ဝန်ထမ်းတွေနဲ့ လေဆိပ်က ဝန်ထမ်းတွေအားလုံးကို သူတို့ရဲ့ အကူအညီပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet