ပရီးမီးယားလိဂ်ပြိုုင်ပွဲအတွက် ဂန်းနားတွေကို သတိပေးလိုက်တဲ့ အဂွေရို
မန်ချက်စတာစီးတီးဂန္တဝင် ဆာဂျီယို အဂွေရိုက အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရာသီရဲ့နောက်ဆုံးအချိန်အပိုင်းအခြားကို ရောက်ရှိနေချိန်မှာ ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ဒုတိယနေရာက မန်စီးတီးထက် ၁ ပွဲပို ၈ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ ၁၉ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တော့မယ်လို့ မျှော်လင့်နေတာဖြစ်ပေမယ့်လည်း အားလုံးကလည်း ပြီးခဲ့တဲ့ရာသီတွေတုန်းက ရာသီနှောင်းပိုင်းမှ အမီလိုက်ပြီး ဖလားလုယူနိုင်စွမ်းရှိတဲ့ မန်စီးတီးကိုလည်း သတိထားနေရဆဲဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ရာသီနောက်ဆုံးပွဲစဉ် အချိန်ပို ၉၄ မိနစ်မှာ ကျူပီအာအသင်းဘက်ကို ဂိုးသွင်းယူပြီးနောက် မန်စီးတီးအတွက် ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့တဲ့ အဂွေရိုက ယခုရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲက မပြီးသေးဘဲ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အထိ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။
“အဲဒါက ဆုဖလားပြိုင်ပွဲရဲ့ အလှတရားပါ။ အဲဒါကို ကျွန်တော် အများကြီး သိပါတယ်။ အာဆင်နယ်က အရှိန်ဆက်ထိန်းထားပါတယ်။ ကျွန်တော် အာတီတာကို ကောင်းကောင်းသိပြီး အများကြီး လေးစားမှုရှိပါတယ်။ သူက သူ့အသင်းဆီကနေ အကောင်းဆုံးပုံစံရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သေချာသိပြီး လူငယ်ကစားသမားတွေ၊ ရည်မှန်းချက်ရှိတဲ့ ကစားသမားတွေအများကြိး အဲဒီမှာရှိနေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်”
“ကျွန်တော်တို့ သူတို့ကို ထပ်ချပ်မကွာ လိုက်နေပါတယ်။ ကိုယ်တွေ့ အတွေ့အကြုံအရ ပရီးမီးယားလိဂ်က နောက်ဆုံးပွဲ နောက်ဆုံးမိနစ်အထိ မပြီးဆုံးသေးဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ အဆုံးအထိ တိုက်ပွဲဝင်သွားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ရဲ့ ဒီအင်န်အေပဲ။ ကျွန်တော်တို့ ရမှတ်ကွာဟမှုကို လျှော့ချပြီး ဆုဖလားကို ဆွတ်ခူးသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”
အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ ဆုဖလားပြိုင်ဘက်တွေထက် အားသာချက် တစ်ခုရှိနေတာက ပွဲအရေအတွက် ပိုမိုနည်းပါးနေခြင်းဖြစ်ပြီး မန်စီးတီးဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နေရဆဲဖြစ်ပေမယ့် အဂွေရိုက အဲဒါက အကျိုးသက်ရောက်မှုရှိမယ်လို့ ထင်မြင်နေခြင်းမရှိတာဖြစ်ပါတယ်။
“သေချာတာပေါ့။ အထူးသဖြင့် စီးတီးလိုမျိုး အသင်းတွေက မတူညီတဲ့ ပြိုင်ပွဲ ၃ ခုမှာ ဆက်တိုက်မကစားချင်ဘူးလို့ စဉ်းစားလိုက်မယ်ဆိုရင်ပေါ့။ စီးတီးက အဲဒီဖလား အားလုံးကို လိုချင်တာပါ။ အာဆင်နယ်က ပရီးမီးယားလိဂ်ဖလားတစ်ခုပဲ စိုးရိမ်စရာရှိပါတယ်။ ဒါပေမယ့်လည်း မန်ဏီးတီးက ဒီလိုပြိုင်ပွဲတွေ အများကြီးမှာ ယှဉ်ပြိုင်ဖို့ လူစာရင်းအလှည့်ကျ ပွဲထုတ်နိုင်တဲ့ အင်အားရှိပါတယ်။ အဲဒါက သူတို့တွေ အရှိန်အဟုန်ကို ဆက်ထိန်းသိမ်းထားနိုင်မယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ အခုအထိတော့ အသင်းက ကျစ်လစ်နေပုံပေါ်ခဲ့ပါတယ်”
“ကစားသမားအချို့က ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက အသားပြန်ကျဖို့ လုပ်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အခုတော့ အားလုံးက အကောင်းဆုံးအခြေအနေမှာ ရှိနေပုံပေါ်ပြီး အပြည့်အဝ ပြန်လည်ကောင်းမွန်နေပါပြီ။ စီးတီးက ပြိုင်ပွဲတွေတလျှောက်လုံးမှာ ကစားသမားတွေကို အလှည့်ကျ ကောင်းကောင်း အကျိုးသက်ရောက်မှုရှိအောင် ကစားဖို့ လုပ်နိုင်တယ်။ အဲဒီတော့ ပြိုင်ပွဲတွေများနေတာက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့စိုးရိမ်စရာလို့ မထင်ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk