နွေရာသီဘတ်ဂျက် ပေါင် ၁၆၇ သန်းနဲ့ အာတီတာရဲ့ပစ်မှတ်တွေကို ခေါ်ပေးမယ့် အီဒူး
အာဆင်နယ်အသင်းဟာ ၂၀၂၂-၂၀၂၃ ရာသီအတွင်း အာတီတာရဲ့ စီမံကိန်းကနေ ကြီးမားတဲ့ တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပြီးနောက် ယခုနွေရာသီမှာ ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရက်ပေါင်း ၂၄၀ ကျော် ရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံးမှာ မန်ချက်စတာစီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ အလွန်ထူးခြားတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အသင်းပိုင်ရှင် စတန် ခရွန်ကီက အာတီတာကို ပေါင်သန်း ၂၀၀ နီးပါးရှိတဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်နဲ့ ဆုချသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရာသီပြီးဆုံးခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့တဲ့အတွက် ပေါင် ၄၁.၈ သန်း ရရှိမှာဖြစ်ပြီး အဲဒါက အာတီတာရဲ့ ကြီးမားတဲ့ အပြောင်းအရွှေ့အစီအစဉ်ကို အကူအညီဖြစ်စေမှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့က အာဆင်နယ်ရဲ့ အဓိကဦးစားပေးပစ်မှတ်ဖြစ် ပြီး ယူရိုပါကွန်းဖရင့်လိဂ်ချန်ပီယံတွေဟာ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် ပေါင်သန်း ၁၀၀ ကျော် တောင်းဆိုထားတာဖြစ်ပါတယ်။
Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ ပထမဆုံးကမ်းလှမ်းမှုဟာ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၂ သန်းဖြစ်လိမ့်မယ်လို့ သိရပြီး ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။
ကစားသမားရောင်းချရတဲ့ ပိုက်ဆံကလည်း အာတီတာရဲ့ အဓိကပစ်မှတ်တွေကို ခေါ်ယူပေးမယ့် အီဒူးအတွက် အထောက်အကူဖြစ်လာမှာဖြစ်ပြီး ဘာလိုဂန်နဲ့ တီယာနီတို့ဟာ ယခုနွေရာသီမှာ အမ်းမရိတ်စ်ကို စွန့်ခွာမယ့် ပထမအသင်းကြယ်ပွင့် ၂ ဦးအဖြစ် မျှော်မှန်းခြင်း ခံထားရပါတယ်။
ဘာလိုဂန်ဟာ ရင်းမ်စ်မှာ အောင်မြင်တဲ့ အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အတွက် ဥရောပကလပ်အသင်းအများအပြားဆီကနေ စိတ်ဝင်စားမှု ရရှိခဲ့တာဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ အေစီမီလန်၊ အင်တာမီလန်၊ လိုက်ပ်ဇစ်၊ မာဆေး၊ မိုနာကိုတို့အားလုံးဟာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို စိတ်ဝင်စားနေကြတယ်လို့ သိရပြီး နာပိုလီအသင်းက ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်း သတ်မှတ်ခံထားရတဲ့ ဘာလိုဂန်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲ နောက်ဆုံး ဝင်လာတဲ့အသင်းဖြစ်ပါတယ်။
တီယာနီကိုလည်း နယူးကာဆယ်အသင်းနဲ့အပြိုင် အက်စတန် ဗီလာက ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အူနိုင်း အမ်မရီက ဂန်းနားတွေအတွက် ခေါ်ယူပေးခဲ့တဲ့ စကော့တလန် နောက်ခံလူကို ဗီလာပါ့ခ်မှာ ရှိစေချင်တာကြောင့် အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းသာ ဒီကလန် ရိုက်စ်နဲ့အတူ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူဖို့ စီစဉ်ထားတယ်ဆိုရင် ကစားသမားရောင်းချရလို့ ရရှိလာတဲ ငွေကြေးတိုင်းက အရေးကြီးလာမှာဖြစ်ပြီး ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု အများအပြားပြုလုပ်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
London World ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ကိုင်ဆေဒိုအတွက် ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဘရိုက်တန်အသင်းက ဇန်နဝါရီတုန်းကလိုမဟုတ်ဘဲ ဒီတစ်ကြိမ်မှာတော့ အီကွေဒေါကြယ်ပွင့်ကို ရောင်းချချင်နေပုံရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့ဟာ ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေး အများဆုံးရအောင် ကြိုးပမ်းသွားမှာသေချာတာကြောင့် အာဆင်နယ်အနေနဲ့ ယခုနွေရာသီ ကစားသမားရောင်းချရမှုကနေ နွေရာသီဘတ်ဂျက်ကို ထပ်ဖြည့်နိုင်ရင် ကြီးမားတဲ့ ကွဲပြားခြားနားမှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet