ထမင်းလုတ်ကို ပုတ်ချခါနီးမှ ပြူးပြဲပြီး အရေးပေါ်အစီအစဉ်ထဆွဲတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင် လုပ်ဆောင်ဖို့ အရေးပေါ်အစီအစဉ်ကို ဆွဲနေတယ်လို့ သိရပါတယ်။
အာတီတာဟာ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ဇန်နဝါရီလလောက်ကတည်းက ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် နံပါတ် ၁ ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဂန်းနားတွေဟာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကို မန်ချက်စတာစီးတီးကလည်း တနင်္လာနေ့ညမှာ တရားဝင် ဝင်ရောက်လာပြီးနောက် အရှိန်မြင့်လာခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက်ကမ်းလှမ်းမှုဟာ ဝက်စ်ဟမ်းအသင်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကို ပြည့်မီခြင်းမရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ယခုအပတ်မှာ တတိယမြောက် ကမ်းလှမ်းမှုကို ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်ဟာ ၅၀-၅၀ သာ ရှိတော့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဂွါဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့်ရမှာက ဝက်စ်ဟမ်းကြယ်ပွင့်အတွက် ဆွဲဆောင်မှုဖြစ်နေမှာ သေချာပြီး အထူးသဖြင့် ဂန်ဒိုဝမ်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ အတည်ပြုခဲ့တာကြောင့် အစ်တီဟတ်ကို ပြောင်းရွှေ့နိုင်ခြေက ပိုလို့တောင် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၆ လစလုံး ဒီကလန် ရိုက်စ်နဲ့ပတ်သက်ပြီး နောက်ကွယ်မှာ တစ်ခုခုလုပ်နေခဲ့ပြီး အချိန်ဖြုန်းနေခဲ့တာမဟုတ်ပါစေနဲ့လို့သာ ဆုတောင်းရတော့မှာဖြစ်ပေမယ့်လည်း ဇန်နဝါရီလတုန်းက မာဒရစ်ခ်ကို ချဲလ်ဆီးရဲ့ ဖြတ်ခုတ်ခြင်းခံရသလိုမျိုး အဖြစ်အပျက်နဲ့ ထပ်မံကြုံတွေ့ရနိုင်တယ်ဆိုတာကိုလည်း သတိပြုမိနေတာဖြစ်ပါတယ်။
ဒီလိုအခြေအနေဖြစ်နေချိန်မှာ အာဆင်နယ်ဟာ မိုနာကို ကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာကို အနီးကပ် စောင့်ကြည့်နေပြီး ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုသာ မအောင်မြင်ခဲ့ဘူးဆိုရင် ပြင်သစ်ကွင်းလယ်ကစားသမားကို ခေါ်ယူသွားနိုင်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဖိုဖာနာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဒေးရွှမ့်စ်ရဲ့ အသင်းအတွက် တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဇန်နဝါရီလကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုကိုလည်း စိတ်ဝင်စားနေဆဲဖြစ်ပေမယ့်လည်း အီကွေဒေါကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီးဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပိုမိုပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
ဆောက်သမ်တန်ကွင်းလယ်ကြယ်ပွင့် ရိုမီယို လာဗီယာကလည်း အာဆင်နယ်အတွက် နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် ရှိနေပေမယ့်လည်း ဂန်းနားတွေဟာ စီးတီးလူငယ်ကြယ်ပွင့်ဟောင်းအတွက် လီဗာပူးလ်အသင်းဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အာတီတာဟာ ယခုနွေရာသီမှာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကို သွေးသစ်လောင်း ပြောင်းလဲပစ်ဖို့ စီစဉ်နေတာဖြစ်ပြီး ချာကာက လေဗာကူဆင်ကို ပြောင်းရွှေ့မှာဖြစ်သလို ပါတေးက အီတလီနဲ့ ဆော်ဒီ အာရေဗျကအသင်းတွေဆီကနေ စိတ်ဝင်စားမှုတွေ ရရှိထားတာကြောင့် ရောင်းထုတ်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News