ဆာကာကို လူဝိုင်းချနေတာကို လစ်လျူရှုပြီး ပွဲချိန်ပြည့်သုံးခဲ့လို့ ဝေဖန်ခံနေရတဲ့ ဆောက်ဂိတ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ coyg

ဆာကာကို လူဝိုင်းချနေတာကို လစ်လျူရှုပြီး ပွဲချိန်ပြည့်သုံးခဲ့လို့ ဝေဖန်ခံနေရတဲ့ ဆောက်ဂိတ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ

အာဆင်နယ်ပရိသတ်တွေဟာ ယူကရိန်းနဲ့ပွဲမှာ ဘူကာယို ဆာကာကို မိနစ် ၉၀အပြည့်ကစားခိုင်းခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့ကြပါတယ် ။အင်္ဂလန်ဟာ တနင်္ဂနွေနေ့ညနေ ဝင်ဘလေကွင်းမှာ ယူကရိန်းကို လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆာကာက အကောင်းဆုံးပုံစံနဲ့ ဟာရီ ကိန်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန်ရဲ့ပွဲစဉ်ကို အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ စိုးရိမ်တကြီး ကြည့်ခဲ့ရတဲ့ အချိန်တွေရှိခဲ့ပြီး ပထမပိုင်းမှာတင် ၂ ကြိမ်အထိ ဆာကာဟာ ဆိုးရွားတဲ့ ဖျက်ထုတ်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ဆာကာဟာ အီတလီနဲ့ပွဲမှာ ၈၄ မိနစ်ကစားခဲ့ရတာကြောင့် ယူကရိန်းနဲ့ပွဲမှာ အနားပေးခံရမယ်လို့ မျှော်မှန်းထားပေမယ့်လည်း ပွဲချိန်ပြည့်ကစားပေးခဲ့ရတာဖြစ်ပါတယ်။ ဟာရီ ကိန်း၊ မက်ဒီဆင်နဲ့ ဘယ်လင်ဟမ်တို့ကိုတော့ ပွဲမပြီးခင်မှာ လူစားလဲခဲ့ပေမယ့် ဆာကာကို ဆက်ကစားခိုင်းခဲ့တာကြောင့် ဂန်းနားပရိသတ်တွေက ဆောက်ဂိတ်ကို ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

-ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုဟာ ဝင်ဘလေမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တဲ့ အာဆင်နယ်အသင်းဖော် ဆာကာကို အံ့အားသင့်ဖွယ်ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။ “သူက အံ့အားသင့်စရာ ကစားသမားပါ။ ကျွန်တော်တို့ အဲဒါကို သိပါတယ်။ သူက အခုအချိန်မှာ အရမ်းကောင်းနေတယ်။ ကွင်းထဲမှာ မိတ်ဆွေသူငယ်ချင်းဆိုတာမရှိဘဲ ကံဆိုးစွာနဲ့ သူ ကျွန်တော့်ကို အနိုင်ယူသွားတယ်။ ဒါပေမယ့် ကျွန်တော်နောက်ပွဲမှာ ပြန်အနိုင်ယူပြီး လက်စားပြန်ချေနိုင်အောင် ကြိုးစားမှာပါ။ ဒီလိုပွဲမျိုးတွေမှာ ကြီးမားတဲ့ကစားသမားတွေက ပွဲကို အဆုံးအဖြတ်ပေးပါတယ်။ သူတို့တွေ ပထမပိုင်းမှာ အခွင့်အရေး ၂ ကြိမ်ရခဲ့ပြီး ၂ ဂိုးသွင်းခဲ့တယ်။ တစ်စုံတရာကို ဖန်တီးဖို့အတွက် အရမ်း ခက်ခဲခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

-ဘောလုံးဝေဖန်သုံးသပ်သူ ခရစ္စ ဆပ်တန်က ယူကရိန်းနဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဘူကာယို ဆာကာရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်တိုနီက ဂန်းနားကြယ်ပွင့်ရဲ့ ပိုစတာကို အိပ်ခန်းနံရံမှာ ဆွဲထားရမယ်လို့ ပြောကြားခဲ့ပါတယ်။

“ဆာကာ ညာတောင်ပံမှာ တိုက်ပွဲတွေ အနိင်ရနေတယ်။ ဆာလားက ဒီရာသီမှာ လီဗာပူးလ်အတွက် တူညီတဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ဘူး။ မာရက်ဇ်က မန်စီးတီးအတွက် မယုံနိုင်လောက်အောင် အရည်အချင်းရှိပေမယ့် ကျွန်တော် ဆာကာကို သူ့ထက်ကောင်းတယ်လို့ သတ်မှတ်ရပါလိမ့်မယ်။ ကျွန်တော် အန်တိုနီနဲ့ပတ်သက်ပြီး ဘာပြောပြော အလေးအနက်ထားမှာမဟုတ်ပါဘူး။ ယူနိုက်တက်ကစားသမားက သူ့ရဲ့ အိပ်ခန်းနံရံမှာ ဆာကာရဲ့ ပိုစတာကို ချိတ်ထားချင် ချိတ်ထားလောက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာက ယူကရိန်းနဲ့ပွဲက ၎င်းရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီး “ဒါက ကျိန်းသေပေါက်ကို ဂိုးပေါက်ထဲရှိနေရမှာပါ။ ကျွန်တော့်ခြေထောက်ထဲကနေ ထွက်သွားကတည်းက အဲဒါက ဂိုးလိမ့်မယ်ဆိုတာကို သိခဲ့ပြီး ကျွန်တော့်ရဲ့ ပိုမိုကောင်းမွန်တဲ့ဂိုးတွေထဲက တစ်ဂိုးဖြစ်ခဲ့ပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်က ကျွန်တော့်ဆီကို ဘောလုံးပေးခဲ့ပြီး ကျွန်တော် ဂိုးကန်သွင်းရမယ်ဆိုတာကို ချက်ချင်း သိခဲ့ပါတယ်။ ဘောလုံးက ပျော်စရာကောင်းပြီး အဲဒါက အမြဲတမ်း ပျော်စရာကောင်းမှာပါ။ ရာသီကုန်ထိ ပျော်စရာတွေ ဆက်ပြီးရနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်က ယူကရိန်းနဲ့ပွဲစဉ်မှာ ဘူကာယို ဆာကာရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းချက်နဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ “အဲဒါက ထိပ်တန်းအဆင့် အဆုံးသတ်ပဲ။ ဒါက ပြီးခဲ့တဲ့ ၁၈ လလောက်အတွင်း သူ့ရဲ့ ပွဲစဉ်တွေထဲကို ဖြည့်စွက်ခဲ့တဲ့ အညှာအတာကင်းမဲ့တဲ့အစိတ်အပိုင်းတစ်ခုပါ။ သူ အဆုံးသတ်နိုင်တော့မယ်လို့ ခင်ဗျား မသေချာခဲ့တဲ့ အချိန်တွေ ရှိခဲဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူက ဂိုးရှေ့မှာ အဲဒီ ယုံကြည်ချက်ကို ရနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဆာကာဟာ ယူကရိန်းနဲ့ပွဲမှာ သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်၊ ဘောလုံးထိတွေ့မှု ၅၆ ကြိမ်၊ လိမ်ခေါက်ဖို့ ၄ ကြိမ်ကြိုးပမ်းရာမှာ၂ ကြိမ်အောင်မြင်၊ တစ်ဦးချင်းတိုက်ပွဲ ၁၀ ကြိမ်မှာ ၈ ကြိမ်အနိုင်ရ၊ အခွင့်အရေးဖန်တီးမှု ၃ ကြိမ်၊ ဂိုးကန်သွင်းမှု ၃ ကြိမ်၊ တိကျတဲ့ပေးပို့မှု ၃၉ ကြိမ်မှာ အကြိမ် ၃၀ ပြုလုပ်နိုင်ခဲ့ပြီး တစ်ဦးချင်းတိုက်ပွဲမှာ အများဆုံးအနိုင်ရရှိသူ၊ ပြစ်ဒဏ်အကျူးလွန်ခံရဆုံးသူ(၄ ကြိမ်)လည်း ဖြစ်ခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet