စာချုပ်သတ်မှတ်ရက်ကြောင့် ပါရမီရှင်ကစားသမားကို ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ် coyg

စာချုပ်သတ်မှတ်ရက်ကြောင့် ပါရမီရှင်ကစားသမားကို ဆုံးရှုံးရနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့လို အသင်းတွေဆီကနေ စိတ်ဝင်စားမှု ခံနေရချိန်မှာ အီသန် နွာနယ်ရီအတွက် သဘောတူညီမှုရရှိဖို့ သောကြာနေ့အထိပဲ အချိန်ရမှာဖြစ်ပါတယ်။

နွာနယ်ရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘရန့်တ်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသက် ၁၅ နှစ် ၁၈၁ ရက်အရွယ်နဲ့ လူစားဝင်ကစားပေးခဲ့တဲ့အချိန်မှာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်ချက်စတာယူနိုက်တက်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲအပြီး ယှဉ်ကစားလို့မရနိုင်တဲ့ကစားသမားလို့ ယူ-၁၈ နည်းပြ ဂျက်ခ် ဝီလ်ရှိုင်းယားကိုယ်တိုင် ချီးကျူးခဲ့ရတဲ့ ဆယ်ကျော်သက်ကစားသမားကို ဆုံးရှုံးရတော့မယ့်အရေးနဲ့ နီးစပ်နေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ကျောင်းသားမှတ်ပုံတင်သက်တမ်းကုန်ဆုံးတော့မယ့် နွာနယ်ရီနဲ့ ပညာသင်ဆု စည်းကမ်းချက်တွေကို သဘောတူညီမှုရရှိအောင် ဆွေးနွေးဖို့အတွက် သောကြာနေ့အထိသာ အချိန်ရှိတော့မှာဖြစ်ပါတယ်။

ဂန်းနားတွေဟာ အသက် ၁၇ နှစ်ပြည့်တာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုနိုင်မှာဖြစ်တဲ့ လူငယ်ကြယ်ပွင့်ကို ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ The Evening Standard က ဖော်ပြခဲ့ပြီး အာဆင်နယ်အကယ်ဒမီနည်းပြ မာတီဆက်ကာ၊ အာတီတာနဲ့ အီဒူးတို့ကိုယ်တိုင် ဒီပြောဆိုဆွေးနွေးမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအပြင် ဂန်းနားတွေဟာ နွာနယ်ရီကို ပထမအသင်းထဲမှာ ပါဝင်နေပြီးသားဖြစ်တဲ့အကြောင်း ပြသဖို့ ကြိုးပမ်းခဲ့ကြပြီး ပြီးခဲ့တဲ့ရာသီမှာ ပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့ပြီးကတည်းက အသက် ၁၆ နှစ်အရွယ်ကစားသမားဟာ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့သလို ရာသီလယ် ဒူဘိုင်းက လေ့ကျင့်ရေးစခန်းမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွာနယ်ရီကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ အကယ်ဒမီကစားသမားတွေနဲ့ပတ်သက်လာရင် နာမည်အကြီးဆုံးဖြစ်တဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့ဆီက ယှဉ်ပြိုင်မှုကို တိုက်ပွဲဝင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အမှန်တကယ်လည်း ပြီးခဲ့တဲ့နွေရာသီတုန်းက ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကနေ အသက် ၁၈ နှစ်အရွယ် တိုက်စစ်ကစားသမားဖြစ်တဲ့ အိုမာရီ ဟတ်ချင်ဆန်ကို ခေါ်ယူသွားနိုင်ခဲ့တာဖြစ်ပြီး နွာနယ်ရီကိုလည်း ခေါ်ယူသွားနိုင်မယ်ဆိုရင် အာဆင်နယ်အနေနဲ့ ခုံရုံးဖွဲ့ ကြားနာစစ်ဆေးပြီးနောက် ပထမအသင်းအတွက် ကစားပေးခဲ့တဲ့ ကစားသမားဖြစ်တဲ့အတွက် လျော်ကြေးတော့ များများရရှိဖွယ်ရှိပါတယ်။

အာဆင်နယ်အသင်းဟာ နွာနယ်ရီရဲ့ အင်္ဂလန်ယူ-၁၇ အသင်းဖော် မိုင်းစ် လူးဝစ္စ-စကယ်လီကို ပညာသင်ဆု စာချုပ်မှာ လက်မှတ်ရေးထိုးအောင် စည်းရုံးနိုင်ခဲ့ပြီးဖြစ်ပြီး ပါရမီရှင် ကွင်းလယ်ကြယ်ပွင့်ကစားသမားကို သောကြာနေ့မတိုင်ခင် သဘောတူညီမှု ရယူနိုင်မလားဆိုတာကို စောင့်ကြည့်သွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။