ဂါဘရီယဲလ်ရဲ့ အဖွင့်ဂိုးကို ဒိုင်လူကြီးက ခွင့်မပြုသင့်ဘူးဆိုတဲ့ အလန်ရှီးယားရဲ့ စွပ်စွဲမှုနဲ့ တုံ့ပြန်ခဲ့တဲ့ အီယန်ရွိုက် admin

ဂါဘရီယဲလ်ရဲ့ အဖွင့်ဂိုးကို ဒိုင်လူကြီးက ခွင့်မပြုသင့်ဘူးဆိုတဲ့ အလန်ရှီးယားရဲ့ စွပ်စွဲမှုနဲ့ တုံ့ပြန်ခဲ့တဲ့ အီယန်ရွိုက်

ဖူလ်ဟမ်နဲ့ပွဲမှာ အာဆင်နယ်အသင်း နောက်တန်းကစားသမား ဂါဘရီယဲလ်က ဖူလ်ဟမ်ဘက်သို့ ပွဲချိန် ၂၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးကို ခွင့်မပြုသင့်ဘူးလို့ နယူးကာဆယ်လ် ဂန္တဝင်ကစားသမားကြီး အလန်ရှီးယားက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ခုဂိုးမတိုင်ခင် ပွဲချိန် ၁၆ မိနစ်မှာ မာတင်နယ်လီသွင်းယူခဲ့တဲ့ ဂိုးကို လူကျွံနေသည်ဟုဆိုကာ ဂိုးအဖြစ်မှ ကွင်းလယ်ဒိုင်က ပယ်ဖျက်တာ ခံခဲ့ရပါတယ်။ အာဆင်နယ်ဂန္တဝင်ကစားသမားကြီး အီယန် ရွိုက်က အလန်ရှီးယားရဲ့ ထင်မြင်ချက်မှားကြောင်းနဲ့ အဓိက ခုအဖြစ်အပျက်မှာ ဂိုးသမား လီနိုရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်တယ်လို့ အချက်အလက်နဲ့ထောက်ပြ ပြန်ဖြေရှင်းခဲ့ပါတယ်။

အလန်ရှီးယားကတော့ အာဆင်နယ်ရဲ့ ပထမဂိုးကို မပေးသင့်ပဲ ပယ်ဖျယ်သင့်တယ်ဆိုတာကို ခုလိုပြောသွားခဲ့ပါတယ်။ “ဒိုင်လူကြီးအနေနဲ့ ဂါဘရီယဲလ်ရဲ့သွင်းဂိုးကို ပယ်ဖျက်လိုက်ရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ဘန် ဝှိုက်က ဂိုးသမားလီနိုကို သိသိသာသာ ကာထားခဲ့ပြီး ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ပါ။ ဘန် ဝှိုက်က ဂိုးသမားကို ကာထားရာကနေ ဖယ်လိုက်တဲ့အခါမှာတော့ လီနိုင်အနေနဲ့ ထွက်ပုတ်ရမလား ထွက်မပုတ်ရမလား ဝေခွဲမရနိုင်ဖြစ်သွားပြီလေ။ တိတိကျကျပြောရရင် အဲဒီအချိန်မှာ ဘောလုံးက ၆ ကိုက်စည်းထဲ ရောက်နေပြီမလို့ပေါ့ဗျာ”

အလန်ရှီးယားက ဆက်လက်ပြီး ” ဖူလ်ဟမ် ဂိုးသမား လီနိုအနေနဲ့ ဘောလုံးကို ထွက်ရှင်းမလား ထွက်မရှင်းဘူးလားဆိုတာ ဆုံးဖြတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူထွက်ရှင်းလို့မရအောင် လူကာထားခံခဲ့ရတယ်။ ထရော့စ်ဆာ့ဒ် ဖြတ်တင်ပေးတဲ့ ထောင့်ကန်ဘောက ကောင်းသလို ဂါဘရီယဲလ်ရဲ့ခေါင်းတိုက်မှုကလည်း ကောင်းလွန်းပါတယ်။ ဒါပေမယ့် ဘန်ဝှိုက်က လီနိုကို ဘောလုံးရောက်လာမယ့် နောက်ဆုံး စက္ကန့်အထိ လူကာထားခဲ့တဲ့အတွက် အဲဒီဂိုးကို ဒိုင်လူကြီးက ဂိုးမပေးပဲ ပယ်ဖျက်ခဲ့ရင်လည်း ကျွန်တော့်အတွက် အံ့သြစရာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီဂိုးမပေးခဲ့ရင်လည်း ပွဲရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒီပွဲမှာ အာဆင်နယ်က ဖူလ်ဟမ်ထက် အများကြီး ပိုကောင်းတဲ့အသင်းဖြစ်နေလို့ပါ” လို့လည်း ဆက်လက်ပြောသွားခဲ့ပါတယ်။

အာဆင်နယ်ဂန္တဝင်ကစားသမားကြီး အီယန် ရွိုက်က ဒီအဖြစ်အပျက်မှာ အာဆင်နယ် အနေနဲ့ အနည်းငယ်ကံကောင်းသွားခဲ့တာသာရှိပြီး အဓိကကတော့ ဂိုးဧရိယာထဲကို ရောက်ရှိလာတဲ့ ဖြတ်တင်ဘောတွေနဲ့ ပတ်သတ်ရင် ဒီလိုအဖြစ်မျိုးတွေမှာ အားနည်းလေ့ရှိတဲ့ လီနိုရဲ့ အားနည်းချက်ကို အာဆင်နယ်အသင်းသားတွေအနေနဲ့ အကောင်းဆုံးအသုံးချသွားတာပဲ ဖြစ်တယ်လို့ အလန်ရှီးယားကို တုံ့ပြန်ခဲ့ပါတယ်။

အီယန်ရွိုက်က ” ခုလို ဖြစ်ခဲ့တာဟာ ဂန်းနားတို့အနေနဲ့ လီနိုအကြောင်း ကောင်းကောင်းသိတာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်က ကစားသမားတွေဟာ လီနိုနဲ့ အချိန်အများကြီး လေ့ကျင့်ခဲ့ဖူးကြသူတွေပါ။ ဖြတ်တင်ဘောတွေမှာ လီနိုဘာလုပ်မလဲဆိုတာ သူတို့ သိနေကြပါတယ်။ ပြီးတော့ လီနိုအနေနဲ့ ဖြတ်တင်ဘောတွေနဲ့ ပတ်သတ်ပြီး တော်တော် အားနည်းတယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဘန် ဝှိုက်က သူ့ကို တကယ် ထိတွေ့ကိုင်ထားတာ မဟုတ်ပဲ ကာရုံလေး ကာထားတာပါ။ တကယ်ဆို သူရွှေ့လျားလို့ ရပေမယ့် မလုပ်ခဲ့ဘူး။ တကယ်ဆို ခပ်စောစောထဲက သူရွှေ့လျားပြီး ဘန်ဝှိုက် ကာထားတာတဲ့နေရာကနေ ဖယ်လိုက်သင့်တာပါ။”

“ပြီးတော့ သူ့အနေနဲ့ သူ့ရှေ့မှာ ကာနေတာကို ခွင့်မပြုဘူးဆိုရင် တခုခုပြောခဲ့သင့်တယ်။ ဘာကြောင့်လဲဆိုတော့ သူတစ်ခုခုဒီပြောတာကို ဒိုင်လူကြီးက မြင်ခဲ့ရင် ဝင်ရောက်လာပြီး ပြစ်ဒဏ်ဘောပေးမှာပါ။ ဂိုးသမားတွေကို ပြစ်ဒဏ်ကျူးလွန်ရင် ဒိုင်လူကြီးတွေက ကျူးလွန်တဲ့ ကစားသမားကို ဒိုင်လူကြီးတွေက လွယ်လွယ် အပြစ်ပေးတတ်ကြတာပါ။ ဒါပေမယ့် ဒါက လီနိုရဲ့ အားနည်းချက်ပါ။ သူက သူ့ဂိုးဧရိယာထဲမှာ အဲလို မလုပ်ချင်ခဲ့ဘူူး။ ဒါကိုသိနေတဲ့ ဘန် ဝှိုက်က သူ့အတွေ့အကြုံကို သုံးသွားတာလို့ ကျွန်တော်တို့ ထင်ပါတယ်”လို့ အလန်ရိှီးယားရဲ့ ဂါဘရီယဲလ်ဂိုးကို ပယ်ဖျက်သင့်တယ်ဆိုတဲ့အပေါ် တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်ကစားသမား ထရော့စ်ဆာ့ဒ် ထောင့်ကန်ဘော စတင်ကန်တင်လိုက်ချိန်မှာ ဘန် ဝှိုက်အနေနဲ့ ဂိုးဧရိယာထဲမှာ လီနိုရှေ့မှာ ကာထားသလို ရှိခဲ့ပေမယ့် ဂါဘရီယဲလ်ခေါင်းတိုက်တဲ့အချိန်မှာ ဘန်ဝှိုက်အနေနဲ့ ဂိုးသမားလီနိုရဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေတာကို တွေ့ရှိခဲ့ရတာပါ။ ထောင့်ကန်ဘော ဖြတ်တင်ချိန်နဲ့ ဘောလုံးက ဂိုးဧရိယာထဲ ရောက်ရှိလာချိန်တွေမှာ အချိန်ကိုက်လှုပ်ရှားနိုင်ခဲ့ပြီး လူအေးကြီး လီနိုရဲ့ အားနည်းချက်ကို သိနေခဲ့တဲ့ ဘန် ဝှိုက်ရဲ့ ပါးနပ်လျင်မြန်မှုကြောင့်သာ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR က ပြစ်ဒဏ်ဘောလို သတ်မှတ်လို့မရခဲ့ခြင်းဖြစ်ပြီး အလန်ရိှီးယားရဲ့ ယခုလို အာချောင်စွပ်စွဲမှုတစ်ခုဟာ နောက်လာမယ့်ပွဲတွေမှာ အာဆင်နယ်ကို အညှိုးထားတတ်တဲ့ ကွင်းလယ်ဒိုင်နဲ့ VAR တွေအတွက် မျက်စိဒေါက်ထောက်ကြည့် ပြဿနာမရှိ ပြဿနာရှာစရာ တစ်ခုဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT