ဂန်းနားနောက်ခံလူကို ပြစ်တင်ခဲ့တဲ့ ကီးန်နဲ့ ဗီယာရာ coyg

ဂန်းနားနောက်ခံလူကို ပြစ်တင်ခဲ့တဲ့ ကီးန်နဲ့ ဗီယာရာ

ပက်ထရစ် ဗီယာရာနဲ့ ရွိုင် ကီးန်တို့ဟာ အာဆင်နယ်နောက်ခံလူ ခီဗီယောကို တနင်္ဂနွေနေ့ညနေက ဘရိုက်တန်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အဖွင့်ဂိုးအတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။

ဆုဖလား ပြိုင်ဘက် အာဆင်နယ်အသင်းက ဘရိုက်တန်နဲ့ ပွဲမှာ နောက်ထပ်တစ်ကြိမ် ခြေချော်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တကမ်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့ညနေ အစောပိုင်းမှာ အဲဗာတန်ကို ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက တုံ့ပြန်နိုင်စွမ်းမရှိခဲ့တာကြောင့် ၂ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ ၄ မှတ်အထိ ကွာဟနေခဲ့ပြီ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ တစ်ပွဲကစားဖို့ ကျန်ရှိနေသေးသလို ဂိုးကွာခြားချက်မှာလည်း သာလွန်နေပြီး လက်ရှိမှာ နောက်ဆုံး ၃ ပွဲထဲက ၃ မှတ်ရရင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အတွက် ကြီးကြီးမားမား စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့ပြီး အထူးသဖြင့် အမ်းမရိတ်စ်က ပွဲစဉ်ဟာ မိနစ် ၅၀ အထိ ဟန်ချက်ညီနေခဲ့တာဖြစ်ပေမယ့်လည်း ၅၁ မိနစ်မှာ အန်ဆီဆိုရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကြောင့် ဘရိုက်တန်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ပြီးနောက် အမ်ဒက်ဗ်နဲ့ အက်စ်တူပီနန်တို့က ၃-၀ နဲ့ အနိုင်ရရှိစေမယ့် သွင်းဂိုးတွေကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်ကြတဲ့ ပက်ထရစ် ဗီယာရာနဲ့ ရွိုင် ကီးန်တို့ဟာ ဘရိုက်တန်ရဲ့ အဖွင့်ဂိုးမှာ အသေးစား ထိခိုက်မှုအပြီး မြက်ခင်းပေါ်ကနေ ပြန်မထဘဲ နေခဲ့တဲ့ ခီဗီယောကြောင့် စိတ်ပျက်ခဲ့ကြပြီး အန်ဆီဆိုက လူကပ်မခံထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကီးန်က“လူကောင်ကြီးမားပြီး သန်မာတဲ့ ဗဟိုခံစစ်ကစားသမားက ဒီလိုမျိုး လဲကျနေတာလား။ တကယ်ကြီးလား။ ”

ခီဗီယောအနေနဲ့ မားမားမတ်မတ်နဲ့ နေပြီး တိုက်စစ်ကို ခုခံဖို့ ကြိုးပမ်းခဲ့သင့်လားလို့ မေးမြန်းခဲ့ရာမှာ ရွိုင် ကီးန်က “ဟုတ်တာပေါ့။ သူ အဲဒီလို လုပ်ရမှာပါ။ အဲဒါက အဖြစ်ဆိုးတွေ မဖြစ်ဖို့ နောက်ဆုံး အားထုတ်မှုလုပ်ရမယ့် ကိစ္စမျိုးပါ။ ခင်ဗျားရဲ့ ကိုယ်ကို ဂိုးစည်းပေါ်မှာ ကာကွယ်ဖို့ ရှိနေရမှာပါ။ ခင်ဗျား ဘောလုံးကန်ဖိနပ်ကျွတ်သွားတာနဲ့ ဒီလိုမျိုးကြီး လဲကျနေလို့မရဘူး။ သူ့ ခြေထောက်ကြီး ကျွတ်သွားတာမဟုတ်ဘူး။ သူ့ ဘောလုံးကန်ဖိနပ် ကျွတ်သွားခဲ့တာပါ။”လို့ တုံ့ပြန်ခဲ့ပါတယ်။

အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီယာရာက “ခင်ဗျားရဲ့ ဗဟိုခံစစ်ကစားသမားက သူ့ခြေထောက်ပေါ် သူ ရပ်တည်ဖို့နဲ့ ဘောလုံးကို ပထမဆုံး ကာကွယ်ဖို့ လုံလောက်တဲ့ သန်မာမှုမျိုးရှိမယ်လို့ ခင်ဗျား မျှော်မှန်းထားမှာပါ။”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet