ဂန်းနားတွေနဲ့ပွဲမတိုင်ခင် အာတီတာနဲ့ ဆက်ဆံရေးဘယ်လိုပြောင်းလဲခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဂွါဒီယိုလာ coyg

ဂန်းနားတွေနဲ့ပွဲမတိုင်ခင် အာတီတာနဲ့ ဆက်ဆံရေးဘယ်လိုပြောင်းလဲခဲ့လဲဆိုတာ ဖွင့်ဟခဲ့တဲ့ ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာက နှစ်ပေါင်းများစွာအတွင်း ၎င်းရဲ့ အာတီတာနဲ့ ဆက်ဆံရေးဟာ ဘယ်လို ပြောင်းလဲသွားခဲ့လဲဆိုတာကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးနည်းပြဟာ အာဆင်နယ်ကွင်းလယ်ဂန္တဝင်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ၃ နှစ် နီးပါး အနီးကပ် အလုပ်အတူတူ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာနဲ့ အာတီတာတို့ဟာ အစ်တီဟတ်ကွင်းမှာ အတူတူ ကြီးမားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ကွန်မြူနတီဒိုင်း ၂ ကြိမ်နဲ့ အက်ဖ်အေဖလား ၁ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ အာတီတာဟာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်လာဖို့အတွက် အစ်တီဟတ်က ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ရာထူးကနေ စွန့်ခွာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်မှာ ခက်ခဲတဲ့ နည်းပြဘဝအစကို ရင်ဆိုင်ခဲ့ရပြီးနောက် စပိန်လူမျိုးနည်းပြဟာ နောက်ဆုံးမှာတော့ ဂန်းနားတွေနဲ့အတူ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ကြိုးပမ်းလာပြီး စိုက်ပျိုးခဲ့တာတွေကို ပြန်လည်ရိတ်သိမ်းနေရပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာက မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေပေမယ့်လည်း ဂွါဒီယိုလာရဲ့ အသင်းက ၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး စနေနေ့ညနေမှာ မန်စီးတီးနည်းပြက အာတီတာနဲ့ လမ်းခွဲပြီးနောက် ၎င်းတို့ရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားခဲ့လဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ဆက်ဆံရေးက ပြောင်းလဲသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက လန်ဒန်မှာ ကျွန်တော်က မန်ချက်စတာမှာမို့လို့ပါ။ အဲဒီတော့ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် မကြာမကြာတော့ မတွေ့နိုင်တော့ပါဘူး။ သူလည်း အလုပ်များနေတယ်။ ကျွန်တော်လည်း အလုပ်များနေတယ်။ ဒါပေမယ့် သူ့အတွက် ကျွန်တော့်မှာ ရှိနေတဲ့ ချစ်ခြင်းတရားနဲ့ လေးစားမှုကတော့ တသက်လုံး ထာဝရ ရှိနေမှာပါ။ သူ အဲဒါကို သိပါတယ်”

“အင်း။ အဲဒါက(ဗုဒ္ဓဟူးနေ့ပွဲ)လက်ရှိအချိန်အထိ အင်္ဂလန်မှာ အကောင်းဆုံးဖြစ်နေခဲ့တဲ့အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ဗိုလ်လုပွဲပါ။ သူတို့တွေက ကျွန်တော်တို့ထက် ၅ မှတ်အသာမှာရှိနေပြီး အဲဒီနေ့မှာ မန်ချက်စတာက လူတွေအားလုံးက အပြာရောင်ဖြစ်နေပြီး ကျွန်တော်တို့ကို အားပေးထောက်ခံနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ပထမဆုံးမိနစ်ကနေ အဆုံးအထိ မယုံနိုင်စရာ ဆူညံသံတွေကို လိုအပ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet