ချာကာရဲ့ မိုက်မဲတဲ့လုပ်ရပ်ကို တုံ့ပြန်ခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်နဲ့ ဂန်းနားဂန္တဝင်
ဂျေမီ ကာရေဂါက တနင်္ဂနွေနေ့ညနေက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂရာနစ် ချာကာရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကို အဆင်နယ်ပရိသတ်မဟုတ်ပေမယ့် ဒေါသထွက်မိတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ အိမ်ရှင် လီဗာပူးလ်အသင်းကို မာတီနယ်လီရဲ့ သေသပ်တဲ့ အဆုံးသတ်ကြောင့် ဦးဆောင်နိုင်ခဲ့ပြီး နောက်ထပ် မိနစ် ၂၀ အကြာမှာ ဂျေးဇုက ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားချိန်မှာ သက်တောင့်သက်သာနဲ့ အနိုင် ၃ မှတ် ရရှိတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပထမပိုင်းဟာ ချာကာက လီဗာပူးလ်ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးကို နောက်ကျဖျက်ထုတ်မှုပြုလုပ်ခဲ့ပုံပေါ်ခဲ့ပြီးနောက် ၂ ဖက်အသင်းကစားသမားတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေလည်း သွေးဆူလာခဲ့ကြတာဖြစ်ပါတယ်။
ချာကာနဲ့ အာနိုးတို့ ပြဿနာတက်ပြီးနောက် သိပ်မကြာခင်မှာပဲ မိုဟာမက် ဆာလားက အနီးကပ် ကန်သွင်းယူပြီး ပထမပိုင်း မပြီးဆုံးခင်မှာ ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ ပြန်လည်သက်ဝင်လာခဲ့ပုံပေါ်ပြီး အန်းဖီးက ပရိသတ်တွေရဲ့ ကြောက်မက်ဖွယ် အားပေးထောက်ခံမှုနဲ့အတူ လူစားဝင်ကစားသမား ဖာမီနိုက ၈၇ မိနစ်မှာ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုးသွင်းယူပေးခဲ့ပြီးနောက် သရေ ၁ မှတ် ပြန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ချာကာရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး မလိုလားအပ်တဲ့ ဖျက်ထုတ်မှုက လီဗာပူးလ်အသင်းကို ပြန်လာနိုင်အောင် အထောက်အကူပေးလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်က အာဆင်နယ်ပရိသတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ချာကာကို ဒေါသထွက်မိတယ်။ သူ ဘာတွေ လုပ်ခဲ့တာလဲ။ ပွဲက ခင်ဗျားလက်ထဲမှာရှိနေပြီး ခင်ဗျားက ပါဝင်ပတ်သက်ခဲ့တယ်။ ဘာကြောင့် အဲဒါကို လုပ်တာလဲ။ ဒီကွင်းမှာ ဒါကို အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်အနေနဲ့ လုပ်တာက ရူးမိုက်တဲ့ လုပ်ရပ်ပါ။ လီဗာပူးလ် ပွဲထဲ ပြန်လာနိုင်ဖို့ တစ်နည်းပဲရှိပြီး လီဗာပူးလ်က အာဆင်နယ်နဲ့ အသင်းတစ်သင်းအနေနဲ့ မယှဉ်ပြိုင်နိုင်ပေမယ့် ကွင်းထဲက အင်အားတွေနဲ့ဆိုရင် သူတို့တွေ ယှဉ်ပြိုင်နိုင်တယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ကတော့ ချာကာဟာ အပြစ်တင်ရမယ့်သူမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး “ဒီပရိသတ်အုပ်ကြီးကို ဆူအောင်လုပ်ဖို့ အများကြီး မလိုပါဘူး။ တကယ်လို့ ချာကာက အဲဒီရန်ပွဲထဲဝင်သွားပြီး တစ်စုံတယောက်ကို ပါးရိုက်လိုက်ရင်တောင်မှ သူတို့တွေ ရနိုင်တာထက် ပိုပြီးတော့ ရလာမှာမဟုတ်ပါဘူး။ တကယ်တော့ သူက ကျွန်တော်တို့အတွက် ဒီရာသီမှာ အရမ်းကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ လူတွေက တစ်စုံတယောက်ကို လက်ညှိုးထိုးဖို့ လုပ်နေကြတာလို့ ကျွန်တော် ထင်တယ်။ ဒါက ချာကာ ကစားတတ်တဲ့ပုံစံပဲ။ သူ့အိမ်က ပန်းခြံထဲမှာ ကစားရင်တောင် သူဒီလိုပဲ ကစားပါလိမ့်မယ်။ ကျွန်တော်ကတော့ ရလဒ်ကို သူ့အပေါ်မှာ ပုံချမှာမဟုတ်ပါဘူး။ ပထမပိုင်းမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း ဆက်ကစားပြီး ရလဒ်ကောင်း မရယူနိုင်ခဲ့တဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ပဲ အပြစ်ပုံချရမှာပါ။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
- Posted In:
- Legends' Talk
- News
- Rivals' Talk