ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဂန်းနားကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ ဖာဒီနန် user

ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဂန်းနားကြယ်ပွင့်ကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက် ကစားသမားသစ်ဖြစ်လာတော့မယ့် မေဆန် မောင့်ကို ချီးကျူးခဲ့ပြီး အာဆင်နယ်ကစားသမားသစ် ခိုင် ဟာဗတ်ဇ်ထက် ပိုမိုကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းနဲ့ ထပ်ဆောင်း ပေါင် ၅ သန်းနဲ့ ပေါင် ၅၅ သန်း ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး မေဆန် မောင့်ဟာ ယမန်နေ့က ဆေးစစ်မှုခံယူဖို့ ကာရင်တန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မေဆန် မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ပထမဆုံး ကမ်းလှမ်းမှုဟာ ပေါင်သန်း ၄၀ လောက်သာ ရှိခဲ့တာပြီး ပေါင် ၅၅ သန်းအထိ ပေးချေခဲ့ရတာက ဂျင်းမိသွားတာဖြစ်တယ်လို့ ပြောဆိုမှုအချို့ ရှိခဲ့ပေမယ့်လည်း ဖာဒီနန်က အဲဒီပြောဆိုမှုတွေကို တုံ့ပြန်ရာမှာ မဆီမဆိုင် အာဆင်နယ်ကိုပါ ပုတ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

“မေဆန် မောင့်က အရမ်းကောင်းတဲ့ ခေါ်ယူမှုလို့ ကျွန်တော်ထင်တယ်။ သူက အသင်းအတွက် အဖိုးတန်တဲ့ ကစားသမားဖြစ်လာပါလိမ့်မယ်။ သူက ကစားသမားကောင်းဖြစ်ပြီး ထိပ်တန်းကစားသမားပါ။ သူ ဘောလုံးကစားတဲ့ပုံစံကို ကျွန်တော် နှစ်သက်တယ်။ သူ့ကို နည်းပြခဲ့တဲ့ နည်းပြတိုင်းဆီက သူနဲ့ပတ်သက်ပြီး မကောင်းတာ ဘာမှ မကြားခဲ့ရဘဲ အပြုသဘောဆောင်တဲ့ မှတ်ချက်ပဲ ကြားခဲ့ရတယ်။ သူ့ကို အသင်းထဲမှာ ပိုင်ဆိုင်ထားရတာကို နှစ်သက်ခဲ့ကြတယ်။ ချဲလ်ဆီးအသင်း လုပ်ဆောင်နိုင်ခဲ့တဲ့အရာအားလုံးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာရခဲ့တဲ့အတွက် ကိန်းဂဏန်းတွေက သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးမှာ ကစားခဲ့တဲ့ နှစ်ရာသီမှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တယ်။ သွင်းဂိုး၊ ဂိုးဖန်တီးမှု၊ အခွင့်အရေးဖန်တီးမှု၊ ပင်နယ်တီဧရိယာထဲကို ပြေးဝင်မှု၊ အမြဲတမ်း ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု၊ ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု၊ အဆုံးအဖြတ်ပေးနိုင်တဲ့ကစားသမားဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီမှာ သူ အဲဒါတွေအားလုံးထက် ဒဏ်ရာတွေ ပိုရခဲ့ပြီး ယုံကြည်မှု ပျောက်ဆုံးခဲ့တာဖြစ်နိုင်ပြီး အဲဒီလိုဖြစ်နေတဲ့အချိန်မှာ သူ့ကို ကျွန်တော် လျှော့တွက်မိခဲ့တယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးမှာ နှစ်အတော်ကြာ ရှိခဲ့တဲ့ မေဆန် မောင့်ကို မန်ချက်စတာယူနိုက်တက်မှာ အနီရောင်ရှပ်နဲ့ ခင်ဗျား ရလိုက်တာ စိတ်ကျေနပ်စရာပါပဲ”

ဟာဗတ်ဇ်အတွက် အာဆင်နယ်ရဲ့ ပေါင် ၆၅ သန်းတန် အပြောင်းအရွှေ့က ပိုမိုကောင်းမွန်တဲ့ တန်ဖိုးကို ကိုယ်စားပြုလားဆိုတာကို ပြောဆိုခဲ့ချိန်မှာတော့ ဖာဒီနန်က “ခိုင် ဟာဗတ်ဇ်က ကျွန်တော်တို့ ပြောနေတဲ့ ကိန်းဂဏန်းတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ခိုင် ဟာဗတ်ဇ်က ပြီးခဲ့တဲ့ရာသီအပေါ်မှာ မူတည်ပြီး ဝယ်ယူခြင်းခံခဲ့ရတာပါ။ သူ့နံပါတ်တွေက ထိပ်တန်းအဆင့်မှာမရှိဘူး။ သူ့ကိန်းဂဏန်းတွေက အရမ်းမကောင်းခဲ့ပါဘူး။ ခင်ဗျား ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဖလားရခဲ့တဲ့အချိန်တုန်းက မေဆန် မောင့်ရခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ဆိုရင် အဲဒီရာသီအပြီး နောက်ရာသီမှာ သူ့ရဲ့ တန်ဖိုးက ဘယ်လောက်ဖြစ်နေမှာလဲ။ ခင်ဗျား အဲဒီအကြောင်းအရာကို ထည့်သွင်းစဉ်းစားရင် မေဆန် မောင့်က ဟာဗတ်ဇ်ထက် စျေးပိုနည်းသင့်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ ခင်ဗျား ဟာသတွေ ပြောနေတာပဲ။ အဲဒီလို မဖြစ်နိုင်ပါဘူး။ ပရိသတ်တွေက မေဆန် မောင့်နဲ့ပတ်သက်ပြီး အရူးအမူး မဖြစ်ကြတဲ့အကြောင်းအရင်းက သူတို့တွေအားလုံး ဒီအပြောင်းအရွှေ့ကာလမှာ ကျောနံပါတ် ၉ က အဓိကဦးစားပေးပဲဆိုတာကို သိနေလို့ပါ။ အဲဒါက တစ်ခုတည်းသော အကြောင်းအရင်းပဲ။ သူတို့တွေအားလုံးက သူက ကစားသမားကောင်းဆိုတာ သိတယ်။ သူက ဒီလူစာရင်းရဲ့ တန်ဖိုးရှိတဲ့ အဖွဲ့ဝင်ဖြစ်လာမယ်ဆိုတာ သိကြတယ်။ သူတို့တွေ သူ့ကို ရလိုက်တာကို ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမယ့် မန်ယူနိုက်တက်ရဲ့ ပထမဦးစားပေးက ကျောနံပါတ် ၉ ပဲ။”

မန်ယူနိုက်တက်က မာတင် အော်ဒီဂွါဒ်လို အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူခဲ့သင့်တာလို့ ပြောမှာမဟုတ်ဘူးမလားလို့ မေးမြန်းခဲ့ချိန်မှာ ဖာဒီနန်က ဆက်လက်ပြီး “မပြောပါဘူး။ ဘာလို့ပြောရမှာလဲ။ ကျွန်တော်တို့မှာ အခွင့်အရေးတွေပိုဖန်တီးနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ် ရှိတယ်လေ။ ကိုင်ဆေဒို ဒါမှမဟုတ် အော်ဒီဂွါဒ်က ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့မှာ ရှိခဲ့တဲ့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ ကျောနံပါတ် ၉(ဗက်ဟော့)ရဲ့ ပြဿနာကို ထူးပြီး ဖြေရှင်းပေးနိုင်မှာမဟုတ်ပါဘူး။ အော်ဒီဂွါဒ်သာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီက အရမ်းကောင်းခဲ့တဲ့ကစားသမားဖြစ်ခဲ့သလောက် ထိပ်တန်းကစားသမားဖြစ်မှာပါ။ ဒါပေမယ့် အသင်းရဲ့ဦးစားပေးက အဲဒါမဟုတ်ဘူးဆိုတော့ ကျွန်တော် သူတို့နဲ့ပတ်သက်ပြီး ဂရုမစိုက်ဘူး ကိုယ့်လူ။ ခင်ဗျား ဟာကီမီကို ညာနောက်ခံနေရာမှာ ခေါ်နိုင်တယ်။ ကျွန်တော် ဂရုမစိုက်ဘူး။ ကျွန်တော် ပျော်ရွှင်မိမှာပါ။ ဒါပေမယ့် သူရောက်လာပြီး အထီးကျန်နေမယ်ဆိုရင် မင်း ကံကောင်းပါစေပေါ့။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော့်ရဲ့ ကျောနံပါတ် ၉ ကို လိုအပ်သလောက် တခြားကစားသမားခေါ်ယူမှုတွေကို တကယ် မလိုအပ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

 

ဖာဒီနန်က ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေက အိုးထရက်ဖို့ဒ်မှာ မြင်ချင်တဲ့ တိုက်စစ်မှူးလားလို့ မေးမြန်းခဲ့ရာမှာ ပြင်သစ်တိုက်စစ်မှူးဟာ ခေါ်ယူလို့ ရနိုင်တဲ့ကစားသမားမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အာဆင်နယ်က ခေါ်မယ့်သတင်းတွေထွက်နေတာကို ရယ်မောခဲ့ပါတယ်။

“ခင်ဗျားလည်း သူ့ကို ခေါ်နိုင်မှာမဟုတ်ဘူး။ အာဆင်နယ်လည်း သူ့ကို မခေါ်နိုင်ဘူး။ အဲဒီအကြောင်း စပြီးတောင် မတွေးပါနဲ့။ အိပ်မက်မက်ချင်ရင်တော့ မက်ပေါ့။ အဲဒါက အိပ်မက်ကောင်းပါပဲ”လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet