အာစင်းနဲ့ အဆက်အသွယ် အမြဲရှိပြီး ဂုဏ်လည်းယူမိတယ်လို့ နည်းပြ အာတေတာ ဖွင့်ဟ
နည်းပြ မီကေလ် အာတေတာကတော့ တခေတ်တခါက အာဆင်နယ်အသင်းကို အမြင့်မားဆုံးသော အောင်မြင်မှုတွေ ရယူပေးခဲ့သူလည်းဖြစ်၊ သူ့ရဲ့ ဆရာဟောင်းလည်း ဖြစ်တဲ့ ဂန္ထဝင်နည်းပြကြီး အာစင် ဗင်းန်ဂါးနဲ့ အဆက်အသွယ် အမြဲရှိပြီး သူ့ရဲ့ဆရာဖြစ်သူဟာ ပရီးမီးယားလိဂ်ရဲ့ Hall of Fame မှာ ပါဝင်လာခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ ဖွင့်ဟလာပါတယ်။
အာစင်းဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲခြင်းများစွာနဲ့အတူ ပရီးမီးယားလိဂ်မှာ တခေတ်ဆန်းစေခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ အက်ဖ်အေဖလား (၇) ကြိမ် အပါအဝင် အောင်မြင်မှုတွေများစွာ ရယူပေးခဲ့ပါတယ်။
လှပညက်ညောတဲ့ ကစားဟန်နဲ့အတူ အွန်နရီ၊ ပီရက်စ်၊ ဘာ့ဂ်ကင့်ပ်၊ ယွန်းဘတ်၊ ဗီအဲရာအစရှိတဲ့ ထိပ်တန်းကစားသမားတွေကိုလည်း ဟိုက်ဘာရီမှာ ထွန်းတောက်လာစေခဲ့ပြီး (၂၀၀၃-၀၄) ရာသီ ပရီးမီးယားလိဂ်မှာ တရာသီလုံး ရှုံးပွဲမရှိ ကစားကာ ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံခဲ့ပြီး ရွှေဖလား ဆွတ်ခူးနိုင်ခဲ့ခြင်းက ဂန္ထဝင်ဆန်သော အောင်မြင်မှုတရပ် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း အာဆင်နယ်အသင်းမှာသာမက ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်နည်းပြတဦးအဖြစ်ပါ သတ်မှတ်ခြင်းခံရပြီး လက်ရှိအချိန်မှာ ဖီဖာရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အကြီးအကဲတဦးအဖြစ် ဆောင်ရွက်နေတဲ့ အာစင်းဟာ ဗြိတိန် အဆင့်မြင့်ဆုံး ပြိုင်ပွဲရဲ့ ဂုဏ်ပြုခံစာရင်းထဲမှာ ထည့်သွင်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
” ဒါဟာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး။ သူ (အာစင်း) ဟာ ဒီနေရာနဲ့ လုံးဝကို ထိုက်တန်သူ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့အတွက် အရမ်းကိုပဲ ဂုဏ်ယူမိပါတယ်။ သူ့ရဲ့ နည်းပြဘဝမှာ ကစားသမားတဦးအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ကျေနပ်မိပါတယ်။ ” လို့ နည်းပြ အာတေတာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။
” ကလပ်အသင်းအတွက်သာမက ဘောလုံးလောကအတွက်ပါ သူ လုပ်ပြခဲ့သမျှတွေဟာ တကယ်ကိုပဲ လက်ဖျားခါရလောက်အောင် ပြောင်မြောက်လွန်းခဲ့တာပါ။ ကမ္ဘာ့ဘောလုံးလောကမှာ မြင့်မားတဲ့ နေရာတနေရာနဲ့ ထိုက်တန်သူ ဖြစ်ပါတယ်။ ”
နည်းပြ အာတေတာက ” ကျွန်တော်တို့နှစ်ဦး အမြဲတမ်းပဲ အဆက်အသွယ် ရှိပါတယ်။ အသင်းနဲ့ သူ ခေတ္တခဏ ဝေးဝေးနေဖို့ ကြိုးစားခဲ့တာကိုလည်း အားလုံးသိမှာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ သူ့ကို ကလပ်အသင်းနဲ့ အနီးဆုံးနေရာမှာပဲ ပြန်လည်ခေါ်ဆောင်ထားဖို့ ဆောင်ရွက်နေပါတယ်။ ”
” အဲဒီအတွက်လည်း အရေးပါတဲ့ ခြေလှမ်းတွေ လှမ်းထားနိုင်ခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒီနေရာ၊ ဒီအသင်းမှာ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းက ကြီးမားနေဆဲပါပဲ။ သူ့ရဲ့ တည်ရှိမှုက အများကြီး လုံလောက်ပြီးသားပါ။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : Arsenal Official
- Posted In:
- Manager's Talk