အန်းဖီးလ် တောအုပ်ကြီးထဲသွားဖို့ ဂန်းနားတွေကို အသင့်ပြင်ခိုင်းထားတဲ့ နည်းပြ အာတေတာ
နည်းပြ အာတေတာကတော့ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်း အန်းဖီးလ်ဟာ တောအုပ်ကြီးတခုထဲ ရောက်သွားသလိုမျိုး ခံစားရစေမယ်လို့ ကြိုတင်မျှော်လင့်ထားပြီးဖြစ်တဲ့အတွက် သူ့တပည့်တွေကို အကောင်းဆုံး ပြင်ဆင်ခိုင်ထားကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ရမှတ် (၈) မှတ်ဖြတ်ကာ ဦးဆောင်နေတဲ့ ဂန်းနားတွေဟာ ဒီတပတ်မှာတော့ လီဗာပူးလ်အသင်းနဲ့ ပွဲကျပ်တပွဲကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး ချန်ပီယံပြေးလမ်းအတွက် အရေးပါဆုံးပွဲတွေထဲက တပွဲလည်း ဖြစ်ပါတယ်။
ဂန်းနားတွေအနေနဲ့ အန်းဖီးလ်မြေမှာ လီဗာပူးလ်အသင်းကို နိုင်ပွဲရခြင်း မရှိတော့တာဟာ (၂၀၁၂) ခုနှစ်ကတည်းကဖြစ်ပြီး အဲဒီအချိန်တုန်းက နည်းပြ အာတေတာတောင် ကစားသမားအဖြစ် ရှိနေဆဲဖြစ်တာကြောင့် ကာလအတော်ကြာခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
ဒီနှစ်မှာတော့ လူငယ်ကြယ်ပွင့် အမြင့်ပျံနေမှု၊ နည်းပြ အာတေတာရဲ့ အကောင်းဆုံး ဦးဆောင်မှုတွေကြောင့် ဒီမှတ်တမ်းကို အပြောင်းအလဲ လုပ်နိုင်မလား စိတ်ဝင်စားစရာပါ။ အန်းဖီးလ်မြေမှာ ကိုယ့်ကိုကိုယ် အကောင်းဆုံး ပြင်ဆင်ကာ ရဲရဲရင့်ရင့် ကစားရုံကလွဲပြီး အခြားမရှိဘူးလို့လည်း နည်းပြ အာတေတာက ဆိုပါတယ်။
” ကစားသမားတွေကို တိရစ္ဆာန်ဥယျာဉ်ထဲမှာ လေ့ကျင့်ခိုင်းလို့ မရဘူးလေ။ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့တွေ တောအုပ်ကြီးတခုထဲ သွားရောက်ရတော့မှာပါ။ ဒါဟာ မဖြစ်နိုင်သလောက်ပါပဲ။ ကိုယ့်ကိုကိုယ် အကောင်းဆုံး ပြင်ဆင်ထားဖို့ပဲ ရှိတာပါ။ ကစားသမားတွေကိုလည်း အသင့်ဖြစ်နေစေရမယ်။ ”
” ပြီးတော့ သူတို့ဘာတွေရင်ဆိုင် ကြုံတွေ့ရမလဲဆိုတာကိုလည်း ပြောပြထားရမှာ ဖြစ်ပါတယ်။ အသင်းကတော့ စိတ်အားထက်သန်မှုနဲ့ အပေါင်းလက္ခဏာတွေအပြည့် ရှိနေပါတယ်။ ဒီတပတ်ပွဲဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဆိုတာကိုလည်း သိတာပေါ့။ ”
နည်းပြ အာတေတာက ” ဒါပေမယ့်လည်း ဒါဟာ ကြီးမားတဲ့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ အန်းဖီးလ်မြေမှာ ကျွန်တော်တို့တွေ ကျရှုံးခဲ့သမျှတွေအတွက် ပြန်ပြင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း အသင်းကို ဒီခွန်အားနဲ့ပဲ မောင်းနှင်နေပါတယ်။ ”
” (၂၀၂၁ ခုနှစ် ပွဲတုန်းက ယော်ဂန် ကလော့ပ်နဲ့ အချင်းများခဲ့တာနဲ့ပတ်သက်လို့) ကျွန်တော်ကတော့ ကိုယ့်ကစားသမားတွေအတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းနဲ့ ကာကွယ်ခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဒီလို ပြန်မမြင်ချင်ပါဘူး။ ”
” ဒါတွေဟာ ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ ပွဲပြီးသွားတော့လည်း ကျွန်တော်တို့တွေ တယောက်နဲ့တယောက်ဖက်လှဲတကင်း နှုတ်ဆက်ကာ မေ့လိုက်ကြတာပါပဲ။ နောက်ဆုံးတွေ့တဲ့ပွဲတုန်းကလည်း ဘာမှ မဖြစ်ခဲ့တော့ဘူးလေ။ ကျွန်တော့်အနေနဲ့ သူတို့လုပ်ပြခဲ့တာတွေအတွက် လေးစားသလို အတုလည်း ယူမိပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Ref : BBC
- Posted In:
- Manager's Talk