အီဒူးကို အပြောင်းအရွှေ့အတွက် သတိပေးလိုက်တဲ့ အာတီတာ
မီခေးလ် အာတီတာဟာ အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို လက်ရှိ အသင်းလူစာရင်းရဲ့ ပမာဏဟာ ရေရှည် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပြီး ကစားသမားအထွက်လည်း ရှိဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ တက်ကြွလှုပ်ရှားနေတာဖြစ်ပြီး ဒီကလန် ရိုက်၊ ခိုင် ဟာဗတ်ဇ်နဲ့ တင်းဘားတို့ကို ပေါင်သန်း ၂၀၀ ကျော်သုံးစွဲထားတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ငွေကြေးအများအပြား သုံးစွဲခဲ့ပြီးနောက် အာတီတာက အသင်းအားကစားဒါရိုက်တာ အီဒူးအပါအဝင် အသင်းတာဝန်ရှိသူတွေကို ကစားသမား ၃၀ အထိ ရှိနေတဲ့ လူစာရင်းကို ချုံ့ဖို့အတွက် အာရုံစိုက်ရမယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းကို ဆိုဖီကွင်းမှာ ၅-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အာတီတာက နောက်ထပ် အပြောင်းအရွှေ့လှုပ်ရှားမှုတွေ ပြုလုပ်မှာလားဆိုတာကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပြီး “အင်း ကျွန်တော်တို့မှာ ရေရှည်ထိန်းသိမ်းထားလို့မရနိုင်တဲ့ ကစားသမား ၃၀ ရှိနေတယ်။ စျေးကွက်ကလည်း ဖွင့်နေတုန်းပဲဖြစ်ပြီး အရာအားလုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့ လူစာရင်းနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေအတွင်းမှာ လုပ်ချင်တာတွေနဲ့ပတ်သက်ပြီး လုပ်နိုင်ဖို့ တိုးတက်မှုရှိလာပြီး အဲဒါကို လုပ်နေရဦးမှာပါ။ ဒါပေမယ့် အားလုံးခြုံပြောရရင် အသင်းနဲ့ပတ်သက်ပြီး တကယ်စိတ်ကျေနပ်မိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့ မှတ်ချက်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက မှတ်ချက်စကားနဲ့ တော်တော်လေး ဆင်တူပြီး အဲဒီအချိန်တုန်းက အာဆင်နယ်ဟာ ဂါဘရီယဲလ် ဂျေးဇု၊ ဇင်ချန်ကိုနဲ့ ဘန် ဝှိုက်တို့ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် ပါဝင်ကစားပေးခြင်းမရှိတဲ့ ကစားသမားတွေ အများအပြား ရှိနေတာဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက စပိန်လူမျိုးနည်းပြက “ကျွန်တော်တို့မှာ ကြီးမားတဲ့လူစာရင်းရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ပုံမှန်မသုံးတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီးလည်း ဆုံးဖြတ်ချက်အချို့ ချမှတ်ရမှာဖြစ်ပြီး မျှတဖို့၊ သူတို့နဲ့ တိုက်ရိုက်ပြောဆိုဖို့ လိုပါတယ်။ ဒီလုပ်ငန်းစဉ်တွေက သိပ်မကြာခင်မှာ စတင်သွားတော့မှာပါ။ ကျွန်တော်တို့မှာ ကြီးမားတဲ့လူစာရင်းရှိပြီး အခု ကျွန်တော်တို့ တစ်ခုခုဖြစ်လာအောင် လုပ်ရမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာတီတာက လွန်ခဲ့တဲ့ ၁၂ လတုန်းက အဲဒီလိုပြောခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းမှာ လက်ရှိအချိန်အထိ လူပိုတွေ အများအပြားရှိနေသေးတာဖြစ်ပြီး နီကိုလာ ပေပေနဲ့ နူနို တာဗာရက်စ်တို့လိုမျိုး ကစားသမားတွေကို အသင်းမှာ မလိုအပ်တာကြောင့် ပြီးခဲ့တဲ့ရာသီမှာ အငှားချထားခဲ့ရတာဖြစ်ပါတယ်။
ဘာလိုဂန်ကလည်း ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်အသင်းမှာ အငှားကစားသမားအဖြစ်သွားရောက်ကစားခဲ့ရပြီးနောက် ယခုရာသီမှာ အာတီတာရဲ့ အစီအစဉ်ထဲမှာ ပါဝင်ပုံမပေါ်ဘဲ တီယာနီကလည်း အသင်းကနေ ထွက်ဖို့ ၅၀-၅၀ အခြေအနေ ဖြစ်နေတာဖြစ်ပါတယ်။
ဟိုးဒင်း၊ ဆီးဒရစ်၊ လိုကွန်ဂါတို့အားလုံးကလည်း ဒီနွေရာသီမှာ အသင်းပြောင်းဖို့ သတင်းထွက်နေပြီး အာတီတာရဲ့ ပထမအသင်း စီမံကိန်းမှာလည်း ပါဝင်ဖွယ်မရှိတာကြောင့် ခေါ်ယူချင်တဲ့အသင်းရှာဖွေဖို့က အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့ တာဝန်ဖြစ်လာပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- Team News