လိဒ်ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူအပြီး နည်းပြ အာတေတာရဲ့ ပွဲပြီး စကားသံများ
ချန်ပီယံဆုအတွက် အရေးအပါဆုံး နောက်ဆုံး ပွဲစဉ် (၁၀) ပွဲထဲက ပထမဆုံးပွဲကို အမှားအယွင်းမရှိ အနိုင်ယူအပြီး အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းကို အာဆင်နယ်အသင်း (၈) မှတ်ဆက်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပြီးနောက် နည်းပြ အာတေတာရဲ့ စကားသံတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဒီနိုင်ပွဲဟာ အသင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲ။
” ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်းရှိတာက ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပါပဲ။ ဒါကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပြောပြီးပါပြီ။ နိုင်ငံတကာပွဲရက်တွေအပြီးမှာ ကစားသမားအချို့ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ ဂရုစိုက်ခဲ့ရတယ်။ သူတို့တွေ ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာ စောင့်ကြည့်ခဲ့ရတယ်။ အခုတော့ အံ့မခန်းပါပဲ။ သူတို့ တကယ်ကို လုပ်ပြနိုင်ခဲ့ပါတယ်။ အားလုံးဟာ အသင်းအတွက် ပါဝင်ပေးဆပ်ချင်ကြတယ်။ ကျွန်တော်တို့တွေ ဒီပွဲကို စိတ်ကျေနပ်စရာ ခြေစွမ်းမျိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းပါပဲ။ ”
ဂျေးဇုရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက်စကား
” ကျွန်တော် သူ့အတွက် ဝမ်းသာမိပါတယ်။ အားလုံးကလည်း ဝမ်းသာနေကြမှာပါ။ ကျွန်တော်တို့အားလုံး သူ့အတွက် လက်ခုပ်တီးနေမိတာပါပဲ။ သူဟာ ဒီအခြေအနေကို ပြန်ရောက်ဖို့ လွန်ခဲ့တဲ့ ငါးလလုံးလုံး အစွမ်းကုန် အားထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းနဲ့ ဝန်ထမ်းတွေကလည်း အစွမ်းကုန် ပံ့ပိုးပေးခဲ့တယ်။ ဒီနေ့တော့ အစကောင်းခဲ့သမျှ အနှောင်းသေချာခဲ့ပါတယ်။ သူဟာ အခွင့်အရေးကို စိတ်ကျေနပ်စရာ ဆုပ်ကိုင်နိုင်ခဲ့ပြီး သွင်းဂိုး (၂) ဂိုး ရယူနိုင်ခဲ့တယ်။ ”
ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ဘယ်လို စိတ်ဓာတ်လှုံ့ဆော်ခဲ့သလဲ။
” ကျွန်တော်တို့ နေရာအနည်းငယ်မှာ ပိုကောင်းဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြိုင်ဘက်အသင်းဟာ ကျွန်တော်တို့ရဲ့ တိုက်စစ်ကစားသမားတွေကို လူကောင်းကောင်း ကပ်ကစားနေနိုင်တာကိုး။ ခံစစ်မှာ ခြောက်ယောက်အထိ ပိတ်ကစားခဲ့တယ်။ ပြီးတော့ လျင်မြန်လွန်းလှတဲ့ ကစားသမား (၄) ယောက်လောက်လည်း ရှိနေတယ်။ ဆိုတော့ တန်ပြန်တိုက်စစ်အတွက်လည်း စိုးရိမ်ခဲ့ရပါတယ်။ ”
” ကျွန်တော်တို့သာ ဘောလုံးဆုံးရှုံးမှုတွေများရင် သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ အဲဒီနေရာမှာ ပိုကောင်းဖို့ လိုခဲ့တယ်။ ဒါပေမယ့် လိုအပ်သလိုပဲ ကျွန်တော်တို့ ပိုကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကစားသမားတွေ နေရာတခုပြီးတခု ပြောင်းလဲ ကစားလာနိုင်ခဲ့ပါတယ်။ ပိုပြီး ချောမွေ့လာခဲ့ပါတယ်။ အဲဒီနောက် တိုက်စစ်ပိုင်းမှာ လူပိုရလာခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့တော့တာပါပဲ။ ”
ထရောဆာဒ်ရဲ့ အိပ်မက်ရိုင်းတွေ ပြည့်မြောက်တော့မှာလား။
” ကျွန်တော့်မှာလည်း အိပ်မက်တွေ ရှိပါတယ်။ (ရယ်လျက်) အတည်ပြောရရင် သူ့မှာက အရည်အသွေးတွေ ရှိပါတယ်။ အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ သူဟာ ဘယ်ရော၊ ညာရော ကစားနိုင်တယ်။ ကွင်းလယ်မှာလည်း ကစားနိုင်သလို false 9 အနေနဲ့လည်း ကစားနိုင်ပါတယ်။ သူဟာ အသင်းအတွက် တကယ်ကိုပဲ အကျိုးရှိစေတဲ့ ကစားသမားပါ။ သူဟာ တာဝန်တွေကို အမှတ်တကယ် ကျေပွန်စာ ဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။ ”
ဘန်ဝှိုက်ရဲ့ တိုက်စစ်လိုက်ပါမှု
” နည်းပြတဦးအနေနဲ့တော့ သူ ဂိုးပေါက်ထဲကို ဘောလုံးအရောက်ပို့နိုင်တာကို ကျေနပ်မိပါတယ်။ သူသာ အဆုံးမသတ်နိုင်ခဲ့ရင်တော့ ကျွန်တော်တို့တွေ တန်ပြန်တိုက်စစ် ပြန်မိနိုင်မယ့် နေရာလွတ်တွေ ပေးလိုက်ရမှာပါ။ ဒါပေမယ့်လည်း သူရဲ့ ချိန်သားကိုက် ဆောင်ရွက်မှုတွေက အရမ်းကောင်းပါတယ်။ သူဟာ တကယ်ကိုပဲ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်ပြီး တည်ကန်ဘောတွေမှာလည်း တိုးတက်လာပါတယ်။ သူ့ကို ပြိုင်ဘက်တွေ အထူးတလည် အာရုံစိုက် တားဆီးနေရလောက်အောင် ကောင်းလာတာပါ။ ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ ”
Ref : Football London
- Posted In:
- Manager's Talk