နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးရတဲ့ ခံစားချက်လောက် ပို‌ကောင်းတာ မရှိဘူးလို့ ဂျက် ပြောကြား mgsaw

နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးရတဲ့ ခံစားချက်လောက် ပို‌ကောင်းတာ မရှိဘူးလို့ ဂျက် ပြောကြား

အာဆင်နယ်အသင်း U18 နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဂျက် ဝဲလ်ရှားကတော့ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေ လူငယ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ခြင်းအပေါ် အတော်လေးကို အားရကျေနပ်နေပါတယ်။

အဆိုပါပွဲမှာ မန်စီးတီးလူငယ်အသင်းဟာ ပွဲအစ (၆) မိနစ်ကတည်းက တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ဂန်းနားတို့ကို အခက်တွေ့စေခဲ့ပါတယ်။ မိုက်ကယ် ရိုဆီရက်က အာဆင်နယ်အတွက် ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းက ဂျက်စတင် အိုဘိုအာဗီဒူယိုက ချေပဂိုး ဖြစ်စေခဲ့တာကြောင့် အချိန်ပိုအထိ ခရီးဆက်ခဲ့ရပါတယ်။

အချိန်ပိုမှာလည်း ဂန်းနားလူငယ်တွေအနေနဲ့ အနိုင်ဂိုးရဖို့ရာ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး ပယ်နယ်တီအထိ ရောက်သွားတော့မယ် ထင်မှတ်နေတုန်းမှာပဲ နောက်ဆုံးမိနစ် (၁၂၀) မှာ မိုင်းစ် လူးဝစ်-ဆကယ်လီက အသည်းခွဲဂိုး သွင်းယူခဲ့တာကြောင့် စိတ်လှုပ်ရှားစရာ နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲလက်မှတ်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

” တပွဲလုံးအနေနဲ့ပြောရရင်တော့ ကျွန်တော်တို့ဟာ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ နည်းလမ်း၊ ကျွန်တော်တို့ရဲ့ ဟန်အတိုင်းပဲ အနိုင်ရခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ တကယ်ကို ထူးရှယ်ပါပဲ။ ဒါကြောင့်ပဲ ဘောလုံးကို လူတိုင်း ချစ်မြတ်နိုးကြတာပေါ့။ ဒီလိုခံစားချက်လောက် ပိုကောင်းတဲ့ ခံစားချက်မျိုး မရှိတော့ပါဘူး။ ” လို့ ဂျက်က ပွဲအပြီးမှာ ဆိုပါတယ်။

” ကစားသမားတွေဟာ အသင်းလိုက်စုဖွဲ့မှုမှာတော့ တကယ်ကို ကောင်းကြပါတယ်။ ဒါဟာ ကျွန်တော်တို့အသင်းရဲ့ အားအကြီးဆုံးအရာပါပဲ။ ကျွန်တော်တို့ဟာ အမြဲတမ်းပဲ တွန်းအားပေးနေပြီး အဆုံးအထိ ရောက်အောင် သွားကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီကောင်လေးတွေကို ကွင်းထက်မှာ လုပ်စရာရှိတာပဲ လုပ်ခဲ့ကြကွာဆိုပြီးပဲ သတိပေးဖြစ်ပါတယ်။ ”

ဂျက်က ” အသင်းလိုက်စုစည်းမှုက ထူးရှယ်အခိုက်အတန့်တွေကို ဖန်တီးနိုင်စွမ်းရှိပြီး ကျွန်တော်တို့ကို မေ့မရနိုင် ဖြစ်စေပါတယ်။ အနိုင်ဂိုးရလိုက်တဲ့အချိန်ဟာ တကယ့် အခိုက်အတန့်ပါပဲ။ ကစားသမားတွေ၊ ဝန်ထမ်းတွေအပါအဝင် ဒီကလပ်အသင်းနဲ့ ပတ်သက်သူတိုင်းရဲ့ ရင်ထဲမှာ အမြဲစွဲနေမယ့်အခိုက်အတန့် ဖြစ်နေပါတော့မယ်။ ”

” ရှေ့လာမယ့်ပွဲတွေကိုလည်း ကျွန်တော်တို့တွေ ဒီလိုစိတ်ဓာတ်မျိုးနဲ့ပဲ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ ပြန်ကြည့်မယ်။ လိုအပ်ချက်ရှိနေတဲ့နေရာတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သွားမယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်လုပွဲဟာ အရမ်းခက်ခဲမယ့်ပွဲမို့ပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : Arsenal Official