စိတ်ဓာတ်၊ ခြေစွမ်းနဲ့ နိုင်ပွဲအပေါ် ကျေနပ်အားရနေတဲ့ နည်းပြ အာတေတာရဲ့ ပွဲပြီးစကားသံများ
ဖူလ်ဟမ်ကို အဝေးကွင်းမှာ (၃) ဂိုးပြတ် ချေမှုန်းကာ နောက်ဆုံး ပရီးယားလိဂ် (၅) ပွဲဆက်တိုက် အနိုင်ရခဲ့ပြီးနောက် နည်းပြ အာတေတာဟာ သူ့အသင်းရဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်ပိုင်းကို ကျေနပ်အားရနေပါတယ်။
ပွဲအပြီး နည်းပြ အာတေတာ ပြောသမျှ စကားသံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
နိုင်ပွဲနဲ့ပတ်သက်လို့
” အရမ်းပျော်ပါတယ်။ စုစည်းမှုအပြည့်ရှိတဲ့ အသင်းတသင်းကို အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ရတာဟာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ပွဲကို လွှမ်းမိုး ထိန်းချုပ်နိုင်ခဲ့တယ်လို့ မြင်ပါတယ်။ အခွင့်အရေးတွေ အများကြီး ရှာနိုင်ခဲ့တယ်။ ပေးဂိုးမရှိခဲ့ဘူး။ ဒီအချက်တွေက အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ပွဲကို အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ နိုင်ခဲ့တာပါ။ ကျေနပ်မိပါတယ်။ ”
ထရောဆာဒ်ရဲ့ စွမ်းဆောင်ရည်
” ဘောလုံးကိုင်ကစားတာကောင်းပြီး မှန်ကန်တဲ့ ပေးပို့မှုတွေအကြောင်း ပြောတဲ့အခါ မြင်နိုင်ဖို့ အရမ်းခက်ပါတယ်။ အချို့ကစားသမားတွေက အလျင်လိုလွန်းတယ်။ ဒီနေ့မှာ သူက သုံးဂိုး ဖန်တီးပေးခဲ့တယ်။ တကယ်ဆို သွင်းဂိုး နှစ်ဂိုးတောင် ရခဲ့သင့်သေးတာ။ အားရစရာ ကောင်းပါတယ်။ ”
” ဒါတင်မကပါဘူး။ ဒီရက်ပိုင်းတွေအတွင်းမှာ သူဟာ ဒဏ်ရာရနေခဲ့တယ်။ တပတ် ဒါမှမဟုတ် ဆယ်ရက်လောက် နားရမယ်လို့ ထင်ခဲ့ရတယ်။ သူဟာ အစောဆုံး ပြန်လာချင်ခဲ့ပါတယ်။ ဆရာဝန်တွေနဲ့ ကြံ့ခိုင်ရေးအဖွဲ့ကလည်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းကို အပြောင်းအလဲ ဖြစ်စေပါတယ်။ အသင်းဟာ ဒီနေ့မှာ သူ့ကို လိုအပ်ခဲ့တယ်။ သူဟာလည်း အရမ်းကောင်းခဲ့တယ်။ ”
ဂန်းနားနည်းပြဘဝ နိုင်ပွဲ (၁၀၀) ပြည့်သွားတာနဲ့ ပတ်သက်လို့
” ကျွန်တော် မသိခဲ့ပါဘူး။ ဒီနေ့နိုင်ခဲ့လို့ပဲ တကယ် ပျော်မိပါတယ်။ နောက်ထပ်နိုင်ပွဲတွေ အများကြီး ရယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကိုယ်လုပ်ချင်သမျှ ကျွန်တော်တို့ ကြိုးစားနေသမျှကို အသင်းကလည်း တူညီစွာ လိုက်နာနိုင်တိုင်း နိုင်ပွဲတွေ ဖြစ်လာတာပါပဲ။ ကိုယ်ပိုင် စရိုက်လက္ခဏာနဲ့ နိုင်ပွဲတွေ ရတာမျိုးကို ဒီနေ့မှာ အားလုံး ခံစားကြရမှာပါ။ ကျွန်တော့်အတွက် ဒါက အရေးကြီးဆုံးပါပဲ။ ”
ဂျေးဇု ပြန်လာနိုင်မှု
” ကြီးမားတဲ့ အင်အားတရပ်ပါပဲ။ ဒီနေ့ကတော့ သူ့ရဲ့ ပထမဆုံး ခြေလှမ်းပါ။ သူ့အတွက် သင့်တော်တဲ့ပွဲတပွဲ ဖြစ်ပါ့မလာဆိုတာတော့ ကျွန်တော်တို့ အတော်လေး စဉ်းစားခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့ရက်တွေတုန်းက သူဟာ တခုခု လိုအပ်နေကြောင်း ကျွန်တော့်ကို ပြောခဲ့သေးတယ်။ ”
” မနေ့ကတော့ သူ ကျွန်တော့် ပြောလာတယ်။ ကျွန်တော့် မျက်လုံးထဲကို စိုက်ကြည့်ပြီး သူ အသင့်ဖြစ်ပြီတဲ့။ ဆိုတော့ ဒီနေ့မှာ သူ့အတွက် အခွင့်အရေး ဖန်တီးပေးရတော့တာပေ့ါ။ သူ့အတွက်လည်း အရှိန်ကောင်းသွားစေမယ့် ပထမဆုံးခြေလှမ်းလည်း ဖြစ်တယ်။ ကြည့်ရတာလည်း လွတ်လွတ်လပ်လပ် ကစားနိုင်ပြီး အခွင့်အရေး (၂) ကြိမ်တောင် ဖန်တီးပြခဲ့ပါတယ်။ ကျွန်တော်တို့အတွက် သူ ပြန်လာနိုင်တာ အရမ်းကောင်းပါတယ်။ ”
Ref : Arsenal Official
- Posted In:
- Manager's Talk