ဆာကာကို ချီးကျူးလိုက်ပြီး ဆက်လက်တိုးတက်လာဦးမယ့် ကောင်လေးလို့ နည်းပြအာတေတာ ဆို
အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးသော ခြေစွမ်းတွေ ပြသနေတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာဟာ ထိပ်တန်းအဆင့်မှာ ရှားပါးလှတဲ့ အရည်အသွေးတွေနဲ့ တောက်ပနေသူလို့ နည်းပြ အာတေတာက ချီးကျူးလိုက်ပြီး အနာဂတ်မှာ ဒီထက်ပိုပြီးလည်း တိုးတက်လာဦးမယ်လို့ ဆိုလိုက်ပါတယ်။
ငရုတ်သီးလေးကို ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ အင်္ဂလန်သားလေးဟာ ပရီးမီးယားလိဂ် သွင်းဂိုး (၁၂) ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၀) ကြိမ်အထိ စွမ်းဆောင်ထားပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်အသင်း ရပ်တည်နိုင်ရာ အဓိကကျလှတဲ့ ကစားသမားတွေထဲက တဦး ဖြစ်လာပါတယ်။
ပရီးမီးယားလိဂ်မှာ ဆာကာထက် သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်း ပိုများတဲ့ ကစားသမားတွေအဖြစ် မန်စီးတီး တိုက်စစ်မှူး အာလင်း ဟော်လန်းနဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းတို့သာ ရှိတာပါ။ ဆာကာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ယူရို ခြေစစ်ပွဲမှာလည်း အင်္ဂလန်အသင်းအတွက် (၁) ဂိုးသွင်းယူ၊ (၁) ဂိုးဖန်တီးပြီး နိုင်ပွဲရအောင် ကူညီခဲ့ပါသေးတယ်။
တဖက်မှာတော့ အာဆင်နယ်အသင်းဟာ ဆာကာကို (၅) နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုတော့မှာဖြစ်ပြီး တပတ်လုပ်ခ ပေါင် (၃) သိန်းအထိ ရှိမယ့် လစာငွေခံစားခွင့်ကိုလည်းပေးကာ ကလပ်အသင်းရဲ့ လစာငွေအများဆုံး ကစားသမား ဖြစ်စေပါတော့မယ်။ ဆာကာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ (၂၀၂၄) ခုနှစ်မှာ ကုန်ဆုံးမှာကြောင့်ပါ။
အသက် (၂၁) နှစ်သားလေးနဲ့ပတ်သက်လို့ နည်းပြ အာတေတာကတော့ ” အရင်ဆုံးပြောရရင်တော့ သူ (ဘူကာရို ဆာကာ) လုပ်ပြနေတာတွေကို ကျွန်တော်တို့တွေ အသိအမှတ်ပြုရပါမယ်။ ချီးကျူးရပါမယ်။ သူ့အသက်အရွယ်တန်းမှာ ဒီလိုတည်ငြိမ်မှုမျိုးကို ပြသနေတာဟာ ရှားပါးလှပါတယ်။ သူဟာ ဒီလိုအရာကို သာမန်လိုပဲ စွမ်းဆောင်ပြနေသူ ဖြစ်ပါတယ်။ ”
“သူ ဒီထက်အများကြီး တိုးတက်လာဦးမှာလားလို့ အမေးရှိရင်တော့ “ဒါပေ့ါ” သူ အများကြီး တိုးတက်လာဦးမှာ ဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်သူ ဘယ်တော့မှ စိတ်တိုင်းကျသူ မဟုတ်ပါဘူး။ အမြဲတမ်း ဒီထက်ဒီထက်ပိုပြီးပဲ အလိုရှိနေသူ ဖြစ်ပါတယ်။ အရာတော်တော်များများမှာ သူဟာ ဒီထက်ပိုပြီး ကောင်းလာဦးမှာပါ။ ပိုပြီး ထိရောက်လာဦးမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Ref : Sky Sports
- Posted In:
- Manager's Talk