ဂန်းနားလူငယ်တွေ ဖိအားကင်းကင်းနဲ့ ပျော်ရွှင်သက်ဝင်စွာ ကစားကြတာကို မြင်ချင်တဲ့ နည်းပြ အာတေတာ 150 150 mgsaw

ဂန်းနားလူငယ်တွေ ဖိအားကင်းကင်းနဲ့ ပျော်ရွှင်သက်ဝင်စွာ ကစားကြတာကို မြင်ချင်တဲ့ နည်းပြ အာတေတာ

ဒီရာသီ ပရီးမီးယားလိဂ် ဇာတ်သိမ်းခန်းရောက်ဖို့ တဖြည်းဖြည်း နီးကပ်လာခဲ့ချိန်မှာ ချန်ပီယံဆုအတွက်လည်း အာဆင်နယ်ရပ်ဝန်းမှာ ရင်ခုန်သံတွေ ပိုမိုမြန်ဆန်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ရာသီကုန်ဆုံးဖို့ (၁၀) ပွဲသာ လိုတော့ချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို (၈) မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်နေဆဲပါ။

အသင်းခေါင်းဆောင် အော်ဒီဂွါဒ်အပါအဝင် ကစားသမားတွေ အားလုံးကလည်း လက်ကျန် (၁၀) ပွဲလုံးကို ဗိုလ်လုပွဲလို အားသွန်ခွန်စိုက်ကစားပြီး (၂၀၀၃-၀၄) ရာသီနောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူသွားဖို့ ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးထားပါတယ်။

အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လိဒ်ယူနိုက်တက်အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားရမှာဖြစ်ပြီး အနိုင် (၃) မှတ် ထပ်မံရှာဖွေနိုင်ခဲ့ရင်တော့ မန်စီးတီးအသင်းကို ရမှတ်ပိုဖြတ်နိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ နည်းပြ အာတေတာကတော့ သူ့ရဲ့ လူငယ်တွေကို ဖိအားရယ်လို့ မခံစားစေချင်ဘဲ လက်ကျန် (၁၀) ပွဲကို လွတ်လွတ်လပ်လပ်ပဲ ခံစားသက်ဝင်စွာ ကစားစေချင်နေပါတယ်။

” ကျွန်တော်တို့အနေနဲ့ အခြားအသင်းတွေရဲ့ ခြေစွမ်းနဲ့ ရလဒ်ပိုင်းအတွက် ဘာမှမတတ်နိုင်ဘူးလေ။ ကိုယ့်အသင်းကိုယ်ပဲ နေ့စဉ်နေ့တိုင်းမှာ အကောင်းဆုံး ဖြစ်စေဖို့ ပြင်ဆင်ကြရုံပါပဲ။ ကျွန်တော်တို့ရဲ့ ရဲရင့်မှု၊ လေ့ကျင့်သားကျမှု၊ တဦးနဲ့တဦးအကြား နားလည်မှု၊ ခွန်အားတွေကို မျှတစွာ အသုံးပြုနိုင်မှုနဲ့ အခြားလူတွေကို ဘာပြောချင်သလဲ အစရှိတဲ့အရာတွေကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ”

” အခုချိန်မှာတော့ ဒီရာသီရဲ့ နောက်ဆုံးအခိုက်အတန့်တွေကို ပျော်ရွှင်သက်ဝင်စွာ ခံစားသွားရဖို့ပါပဲ။ စိတ်အားထက်သန်မှုတွေ၊ အကောင်းဆုံးသော ခွန်အားတွေ၊ ပြင်းရှတဲ့ ဆာလောင်မှုတွေနဲ့အတူ ဒီရာသီမှာ ကျွန်တော်တို့ လုပ်ပြခဲ့သမျှကို ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ပိုကောင်းလာတဲ့အသင်းတသင်းအဖြစ် ပြသရမှာ ဖြစ်ပါတယ်။ ”

နည်းပြ အာတေတာက ” ကျွန်တော်တို့ဟာ လူတော်တွေကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ရှိနေပါတယ်။ သူတို့ဟာ အမြဲတမ်းပဲ တိုးတက်ဖို့၊ သင်ယူဖို့၊ ပိုကောင်းဖို့ပဲ ဂရုစိုက်ကြတဲ့သူတွေပါ။ ဒီအုပ်စုနဲ့ အလုပ်လုပ်ရတာ တကယ်ပဲ ကောင်းလှပါတယ်။ သူတို့ဟာ ကျွန်တော်တို့နောက်ကို တသွေမတိမ်း လိုက်နိုင်ပြီး အားလုံးကို ကျေနပ်အားရစေပါတယ်။ ”

” သူတို့လုပ်နေတာတွေကိုလည်း သူတို့ နှစ်သက်တယ်။ တဦးနဲ့တဦးလည်း ချစ်ခင်ရင်းနှီးစွာနေကြတယ်။ တဦးအတွက် တဦး ဖြည့်ဆည်းကစားပေးကြတယ်။ အခုတော့ ဒါတွေကို အားလုံး မြင်တွေ့နိုင်ပြီလို့ ထင်ပါတယ်။ ” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Ref : Arsenal Official