ဘာလိုဂန်နဲ့ အာဆင်နယ် အနာဂတ်အပေါ် သုံးသပ်လာတဲ့ ဂန္ထဝင်ကြီး အီယန်ရိုက် 150 150 mgsaw

ဘာလိုဂန်နဲ့ အာဆင်နယ် အနာဂတ်အပေါ် သုံးသပ်လာတဲ့ ဂန္ထဝင်ကြီး အီယန်ရိုက်

အာဆင်နယ်အသင်းဟာ လူငယ်သွေးသစ်တွေနဲ့ တောက်ပတဲ့ အရည်အသွေးတွေနဲ့အတူ ဒီရာသီမှာ အကောင်းဆုံး အမြင့်ပျံနေကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး အနာဂတ်ဟာလည်း ဒီလူငယ်အုပ်စုနဲ့အတူ လှပလျက်ရှိနေပါတယ်။

တိုက်စစ်ပိုင်းမှာ မာတင်နယ်လီ၊ ဆာကာတို့က အကောင်းဆုံးသော ခြေစွမ်းတွေ ပြသနေသလို ကွင်းလယ်မှာလည်း မာတင် အော်ဒီဂွါဒ်နဲ့ စမစ်ရိုးလ်၊ ခံစစ်ပိုင်းမှာလည်း ဝီလီယံ ဆာလီဘာ၊ ဂိုးသမား ရမ်စ်ဒဲလ် အစရှိတဲ့ လူငယ်တွေက အာဆင်နယ်အသင်းအတွက် အဓိက ဒေါက်တိုင်တွေ ဖြစ်လာခဲ့ကြတာပါ။

မာတင်‌ အော်ဒီဂွါဒ်ဆိုရင် အသက် (၂၄) နှစ်သာ ရှိသေးပေမယ့်လည်း အာဆင်နယ်အသင်းမှာရော၊ နော်ဝေလက်ရွေးစင်အသင်းမှာပါ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေပြီး ရင့်ကျက်တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနေသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းမှာ လူငယ်တွေ တောက်ပမှုက ဒီလောက်နဲ့တင် ရပ်တန့်သွားဦးမယ့်ပုံ မရှိသေးပါဘူး။ ပြင်သစ်မြေကို အငှားထွက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူးလေး ဘာလိုဂန်ဆိုရင်လည်း သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြ ကစားကာ နောက်ရာသီ ဂန်းနားတို့ဆီမှာ နေရာတနေရာအတွက် စိန်ခေါ်နိုင်စွမ်းရှိကြောင်း နည်းပြ အာတေတာဆီ သတင်းပေးပို့နေပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း အသက် (၂၁) နှစ်သားလေးရဲ့ အနာဂတ်ဟာ စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်ရှိနေတော့ခြင်းနဲ့အတူ လှုပ်ခတ်နေပြီး အာဆင်နယ်အသင်းအနေနဲ့တော့ အကယ်ဒမီထွက်ကြယ်ပွင့်လေးကို နေရာပေးသွားမလား … ရောင်းထုတ်ပြီ တိုက်စစ်မှူးသစ် ခေါ်မလားဆိုတာ စဉ်းစားရကျပ်နေချိန်လည်း ရောက်လာခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့အတူ အပြောင်းအရွှေ့သတင်းတွေလည်း ထွက်ပေါ်လာခဲ့တဲ့ ဘာလိုဂန်နဲ့ပတ်သက်လို့ ဂန္ထဝင်ကြီး အီယန်ရိုက်ကတော့ ” ကျွန်တော့်အနေနဲ့တော့ သူ (ဘာလိုဂန်) အခြေအနေတခုမှာ အာဆင်နယ်အသင်းဆီ ပြန်လာပြီး သူ့အရည်အသွေးသူ သက်သေပြလိမ့်မယ်လို့ပဲ မျှော်လင့်ထားပါတယ်။ သူဟာ ယုံကြည်မှုပိုင်းမှာ နောက်တဆင့် ရောက်သွားပြီ ဖြစ်ပါတယ်။ ”

” သူဟာ ပြင်သစ်မြေမှာ လက်ရှိပြသနေတဲ့ ခြေစွမ်းမျိုးကို မှန်ကန်သင့်တော်တဲ့ အခြေအနေမှာဆိုရင် ဘယ်လိဂ်မှာမဆို ပြသနိုင်မယ့်သူ ဖြစ်ပါတယ်။ အခွင့်အရေးတွေကို သူ ဘယ်လို ရယူသွားမလဲဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်ပိုင်းမှာ အခုချိန်မှာ အခြားအဆင့်တခုကို ရောက်သွားပြီ ဖြစ်ပါတယ်။ ”

” သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီ။ သူ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ယုံကြည်နေပြီ။ သူသာ ပြန်လာမယ်ဆိုရင် ပြင်သစ်မြေက ခြေစွမ်းတွေနဲ့အတူ ဆက်လက်ရှေ့ဆက်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ” ဆိုပြီး မှတ်ချက်ပြုကာ ကစားသမားလေးကို အကြံပေးသွားခဲ့ပါတယ်။

Ref : the Wrighty’s House Podcast