ချာကာတယောက် ရင့်ကျက်ပါးနပ်လာခြင်းက ချန်ပီယံဆုအတွက် အခြေအနေကောင်းစေတယ်လို့ ပီရက်စ် မှတ်ချက်ပြု mgsaw

ချာကာတယောက် ရင့်ကျက်ပါးနပ်လာခြင်းက ချန်ပီယံဆုအတွက် အခြေအနေကောင်းစေတယ်လို့ ပီရက်စ် မှတ်ချက်ပြု

ဂန်းနားဂန္ထဝင်ကစားသမားကြီး ရောဘတ် ပီရက်စ်ကတော့ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံဆုအတွက် အခြေအနေကောင်းတရပ်ဆီ ရောက်ရှိလာခဲ့ခြင်းဟာ ဝါရင့်ကွင်းလယ်ကစားသမားကြီး ဂရာနစ် ချာကာတယောက် ရင့်ကျက်ပါးနပ်လာတာကြောင့်လည်း ပါဝင်တယ်လို့ မှတ်ချက်ပြုလာခဲ့ပါတယ်။

ဆွစ်ဇာလန်သားကြီးဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ကွင်းထက်မှာ စိတ်မထိန်းနိုင်တဲ့ ဖြစ်ရပ်တွေကြောင့် အဝါတွေ၊ အနီတွေ ပလူပျံအောင် ထိခဲ့ဖူးပြီး ဒါတွေကြောင့်ပဲ ပရိသတ်တွေနဲ့ ငြိခဲ့ဖူးကာ အာဆင်နယ်အသင်းကနေ ပြန်လည်ထွက်ခွာတော့မယ့်ဆဲဆဲ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသင်းကို နည်းပြ အာတေတာ ရောက်လာခဲ့စဉ်မှာတော့ နှလုံးလှလူမိုက်ကြီးရဲ့ အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်းကို နားလည်သူပီပီ အကောင်းဆုံး ထိန်းကျောင်းပြုပြင်နိုင်ခဲ့တာကြောင့် ပရိသတ်အချစ်တော် ကစားသမား ပြန်ဖြစ်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ လူငယ်တွေကို အကောင်းဆုံး ဦးဆောင်လျက် ရှိနေပါတယ်။

ဒါတွေကိုကြည့်ရင်း အားရကျေနပ်နေသူကတော့ ဂန္ထဝင်ကြီး ပီရက်စ်ပဲ ဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဒီနှစ်ရာသီမှာ တဟုန်ထိုး တိုးတက်လာခဲ့ခြင်းဟာ ချာကာကြောင့်လည်း ပါဝင်တယ်ဆိုပြီး ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

” ပွဲအတွင်းမှာ ချာကာရဲ့ ပါးနပ်မှုကို ကျွန်တော် အများကြီး အသိအမှတ် ပြုမိပါတယ်။ လိုင်းတွေကြားမှာ သူ ရွေ့လျားနေရာယူပုံတွေ၊ သူ့ကို လူကပ်ထားတဲ့ ကစားသမားဆီကနေ လွတ်မြောက်ထွက်သွားပုံတွေကို ကြည့်ရတာဟာ အရမ်းကောင်းပါတယ်။ ”

” ဒီလို အရည်အသွေးကောင်းတွေနဲ့ တိုးတက်လာခဲ့သလိုပဲ သူဟာ ရင့်ကျက်လာခဲ့ပါတယ်။ အခုချိန်မှာဆိုရင် အဝါကဒ်တွေကို သူ လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တချို့အချိန်လေးတွေမှာ နည်းနည်းလေး သွေးဆူတတ်တာက လွဲလို့ပေါ့။ ” လို့ ပီရက်စ်က ပြောကြားခဲ့ပါတယ်။

Ref : Daily Cannon