အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက် mgsaw

အာဆင်နယ်အသင်း အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ ဆိုလာတဲ့ လာကာဇက်

ပြင်သစ်ကလပ် လီယွန်အသင်းမှာ ကစားနေတဲ့ ဂန်းနားတိုက်စစ်မှူးဟောင်း အလက်ဇန်းဒါး လာကာဇက်ကတော့ နည်းပြ အာတေတာလို နည်းပြမျိုး ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ အမြင့်ပျံနေတာကို မအံ့သြမိဘူးလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။

ပြင်သစ်သားကြီးဟာ နည်းပြ အာတေတာရဲ့ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်မှာ တစိတ်တပိုင်းအနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး အတိုင်းအတာတခုအထိ အသင်းအတွက် အကျိုးပြုခဲ့ပြီးနောက် ဒီရာသီမှာ အသင်းဟောင်း လီယွန်အသင်းဆီ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

ဝါရင့်ကစားသမားတဦးအနေနဲ့ လူငယ်တွေကို ဦးဆောင်မှု ပေးနိုင်ခဲ့ပေမယ့်လည်း လာကာဇက်ဟာ နည်းပြ အာတေတာရဲ့ နည်းစနစ်ပိုင်း တောင်းဆိုချက်တွေကို ပေးစွမ်းနိုင်ရာမှာတော့ အကန့်အသတ်တွေ ရှိနေတဲ့အတွက် နောက်ဆုံးမှာတော့ ကတ္တီပါလမ်းခွဲတခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း လာကာဇက်ဟာ ဂန်းနားတို့ရဲ့ စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲမှုတွေကို ဂန်းနားဟောင်းတဦးအနေနဲ့ အားပေးနေဆဲဖြစ်ပြီး နည်းပြ အာတေတာဟာ အာဆင်နယ်အသင်းကို စတင်ကိုင်တွယ်စဉ်ကတည်း စီမံကိန်းတွေနဲ့ စနစ်တကျ တည်ဆောက်ခဲ့တာကြောင့် ဒီလိုအသင်းမျိုး ဖြစ်လာခဲ့တာလို့လည်း ဆိုပါတယ်။

” အာဆင်နယ်လား … ကျွန်တော်ဖြင့် အထူးတလည်း မအံ့သြမိပါဘူး။ ကျွန်တော်ဟာ နည်းပြ အာတေတာလို နည်းပြမျိုးနဲ့ အလုပ်တွဲလုပ်ခဲ့ရတာကိုး။ ”

” သူ့ရဲ့ စီမံကိန်း၊ သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် ဒီကလပ်အသင်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို ရောက်လာတာ ဖြစ်ပါတယ်။ အဲဒီမှာရှိနေတဲ့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ အသင်းဖော်ဟောင်းတွေအတွက် ကျွန်တော် ဝမ်းသာမိပါတယ်။ ” လို့ လာကာဇက်က ပြောကြားခဲ့ပါတယ်။

Ref : Foot Mercato