All or Nothing Series ထဲက အချို့အရာတွေဟာ မမှန်ဘူးလို့ ဂန်းနားဟောင်း လေနို ပြောကြား
ဒီနှစ်ရာသီမှာမှ အာဆင်နယ်အသင်းကနေ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား ဘန်းဒ် လေနိုကတော့ Amazon က ရိုက်ကူးတင်ဆက်ထားတဲ့ All or Nothing Series ထဲက အချို့သော အရာတွေဟာ မှန်ကန်ခြင်း မရှိဘူးလို့ Goal သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့ပါတယ်။
လေနိုဟာ နည်းပြ အာတေတာလက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးနေတာကြောင့် လန်ဒန်မြို့ခံကလပ်အသင်းတသင်းပဲ ဖြစ်တဲ့ ဖူလ်ဟမ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး အနောက်လန်ဒန်မှာတော့ သူ့စိတ်ကြိုက် ပွဲကစားခွင့်တွေရကာ ပုံစံကောင်းတွေလည်း ပြသထားနိုင်ပါတယ်။
အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ (၅) နှစ်တာ ကာလတခုကို ဖြတ်သန်းခဲ့အပြီးမှာ နည်းပြဖြစ်သူ မာကို ဆေးဗားလ်အောက် အဓိက ကစားသမားတဦးအဖြစ် စွမ်းဆောင်ခွင့်ရနေတာကို ဂျာမန်သားကြီးက ကျေနပ်နေပုံလည်းရပြီး လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းတုန်းက အချိန်တွေအကြောင်း ပြန်လည်ဖွင့်လာခဲ့တာပါ။
” အဲဒီတုန်းက ကျွန်တော်လည်း ရှိခဲ့တာပေါ့။ အသင်းနဲ့ပတ်သက်လို့ အရာအားလုံး မြင်တွေ့ခွင့်ရတာဟာ ပရိသတ်တွေနဲ့ အားလုံးအတွက် ကျေနပ်စရာတခု ဖြစ်မယ်ဆိုတာ ကျွန်တော်လည်း သိပါတယ်။ ဒါပေမယ့်လည်း ပြောရရင် အချို့အရာတွေဟာ တကယ့်အစစ်အမှန် မဟုတ်ပါဘူး။ ” လို့ လေနိုက ပြောပါတယ်။
” (၁၀၀) ရာခိုင်နှုန်းပြည့် မှန်မနေပါဘူး။ အဲဒီတုန်းက အချို့ကစားသမားတွေဟာ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်က အဲဒီမှာ ရှိနေပြီး ဒီမှတ်တမ်းစီးရီးကို ပြန်ကြည့်လိုက်ရချိန်မှာ ဟာ ဒါတွေ တကယ်ဖြစ်ခဲ့တာလားလို့တောင် ပြန်တွေးမိပါတယ်။ ”
လေနိုက ” ဒါပေမယ့် ဒါတွေဟာ ဈေးကွက်စီးပွားရေးကိစ္စတွေ သပ်သပ်လို့ပဲ ထင်ပါတယ်။ မနှစ်တုန်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း အာဆင်နယ်အသင်းမှာ ခက်ခဲခဲ့တာပေါ့။ ဒါပေမယ့်လည်း ယေဘုယျအားဖြင့်တော့ ကျွန်တော် အဲဒီမှာ အရမ်းကောင်းတဲ့ အချိန်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ”
” ကျွန်တော့် ကစားသမားဘဝအတွက်တင် မကပါဘူး။ ကျွန်တော့်ဘဝအတွက်ပါ လှပတဲ့ အခိုက်အတန့်လေးတွေ ရှိခဲ့ပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။
Ref : Goal
- Posted In:
- Former Players' Talks