စပါးကွင်းမှာ အောင်ပွဲခံရတာကို ဂန်းနားဟောင်းပီပီ ကျေနပ်မိတယ်လို့ ဂျရူး ဖွင့်ဟ mgsaw

စပါးကွင်းမှာ အောင်ပွဲခံရတာကို ဂန်းနားဟောင်းပီပီ ကျေနပ်မိတယ်လို့ ဂျရူး ဖွင့်ဟ

အေစီမီလန်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူးက စပါးအသင်းကို အနိုင်ကစားတာကို ဂန်းနားဟောင်းပီပီ ကျေနပ်ပျော်ရွှင်မိ‌တယ်လို့ ဖွင့်ဟလာပါတယ်။

ပြင်သစ်သားကြီးရဲ့ အေစီမီလန်ဟာ ပထမအကျော့မှာ စပါးအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ယူထားနိုင်ခဲ့တာကြောင့် မနေ့က ဂိုးမရှိသရေကျခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်အပြီးမှာ ချန်ပီယံလိဂ်ဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့် ရသွားပါတယ်။

ကူလူဆက်ဗ်စကီး၊ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ပါဝင်ခဲ့ပေမယ့်လည်း စပါးအသင်းဟာ တပွဲလုံးမှာ ဂိုးပေါက်တည့်မှု (၂) ကြိမ်သာရှိခဲ့ပြီး စိတ်ပျက်စရာ ညတညကို ဖြတ်သန်းလိုက်ရတာ ဖြစ်ပါတယ်။

အင်္ဂလန်မြေကို ပြန်လည်လာရောက်ကစားခွင့်ရတဲ့ အဆိုပါပွဲမှာ ဂျရူးအနေနဲ့တော့ မဟာပြိုင်ဘက်အသင်းတသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေတာကိုလည်း တွေ့ရပါတယ်။

စပါးကို နိုင်တာဟာ သူ့အတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲလို့ CBS Sport မှာ တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂန္ထဝင်ကြီး အွန်နရီက မေးမြန်းခဲ့ရာမှာ ဂျရူးက ” အများကြီး အဓိပ္ပာယ် ရှိတာပေါ့။ ပရိသတ်တွေဆီက‌လည်း နွေးထွေးတဲ့ ကြိုဆိုမှုတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ဂန်းနားဟောင်းတဦးအနေနဲ့ စပါးကို နိုင်တာဟာ အမြဲတမ်း ကျေနပ်စရာကောင်းတဲ့ ခံစားချက်ပါ။ ”

” တကယ်ကိုပဲ ကောင်းမွန်လှတဲ့ အငွေ့အသက်တွေ ဖြစ်ပါတယ်။ ဒီလိုချန်ပီယံလိဂ်ညမျိုးကို ဖြတ်သန်းရတာကလည်း ပျော်စရာ ကောင်းပါတယ်။ ”

” အသက် (၃၇) နှစ်အရွယ် ကစားသမားတဦးအနေနဲ့ ဒီလိုပွဲမျိုးကို ကစားခွင့်ရနေဆဲဆိုတာဟာ ကျေနပ်စရာ အရမ်းကောင်းပါတယ်။ တကယ်ကိုပဲ ထူးခြားတဲ့ ညတညပါပဲ။ ကျွန်တော် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့သေးတယ်။ ဒါပေမယ့် အသင်းနိုင်ပွဲရဖို့ကသာ အဓိကပါ။ ” လို့ ပြန်လည်ဖြေကြားသွားခဲ့တာပါ။

Ref : Metro