ကိုယ့်အတွက်ပဲ ကစားတတ်သူတွေဟာ အာဆင်နယ်နဲ့ အဆင်မပြေဘူးလို့ အက်ဂွါဒို မှတ်ချက်ပြု mgsaw

ကိုယ့်အတွက်ပဲ ကစားတတ်သူတွေဟာ အာဆင်နယ်နဲ့ အဆင်မပြေဘူးလို့ အက်ဂွါဒို မှတ်ချက်ပြု

အာဆင်နယ်အသင်းဟာ အစဉ်အဆက် လူငယ်ကြယ်ပွင့်တွေနဲ့ အသင်းလိုက်စုဖွဲ့မှုကိုပဲ ဦးစားပေးတတ်တဲ့အသင်းဖြစ်တာကြောင့် ကိုယ့်အတွက်ပဲ ကစားတတ်တဲ့ နာမည်ကျော် ကစားသမားတွေနဲ့ အဆင်မပြေတတ်ဘူးလို့ ဂန်းနားတိုက်စစ်မှူးဟောင်း အက်ဂွါဒို ဒါဆေးဗားလ်က မှတ်ချက်ပြုပါတယ်။

ဒီရာသီမှာ ဂန်းနားတွေဟာ နည်းပြ အာတေတာရဲ့ အကောင်းဆုံး ဦးဆောင်မှုနဲ့အတူ လူငယ်ကြယ်ပွင့်တွေရဲ့ အသင်းလိုက်စုဖွဲ့မှုအပြည့်နဲ့ ချန်ပီယံဆုလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့အထိ အမြင့်ပျံနေပေမယ့် လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ဂန္ထဝင်နည်းပြကြီး အာစင် ဗင်းန်ဂါးရဲ့နှောင်းပိုင်းခေတ်က စတင်ကာ နာမည်ကြီး အသင့်သုံး ထိပ်တန်းကစားသမားတွေကို ခေါ်ယူပြီး လမ်းကြောင်းမှန်ပေါ်ပြန်လည်တက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အတိုင်းအတာတခုအထိသာ အဆင်ပြေခဲ့ကာ ပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အာတေတာလက်ထက်အထိ နာမည်ကြီး ကြယ်ပွင့်တွေကြောင့် အကျိုးရှိခဲ့သလို အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးအချိန်မှာတော့ လူငယ်တွေကိုပဲ အားကိုးဖို့ ရဲရဲရင့်ရင့် ဆုံးဖြတ်ခဲ့ကာ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်ခဲ့ပြီးနောက်မှ အားရစရာ အာဆင်နယ်အသင်း ဖြစ်လာခဲ့တာပါ။

ဒါနဲ့ပတ်သက်လို့ အက်ဂွါဒိုက ” လက်ရှိအာဆင်နယ်အသင်းကို ကြည့်နေရတာက ၂၀၀၇-၀၈ ကအသင်းကို ပြန်အမှတ်ရမိစေပါတယ်။ အဲဒီတုန်းကလည်း ဘာစီလိုနာပြီးရင် ကစားပုံအလှဆုံးအသင်းက အာဆင်နယ်အသင်းလို့ တကမ္ဘာလုံးက ချီးကျူးခဲ့ကြတယ်။ အခုတော့ သူတို့တွေ အဲဒီတုန်းကအတိုင်း ပြန်လုပ်ပြနေနိုင်ပါပြီ။ ”

” ကစားသမားအားလုံးက အသင်းအတွက်ပဲ ကစားပေးနေတယ်ဆိုတဲ့ မြင်ကွင်းကိုပဲ ကြည့်ပါ။ နည်းပြ အာတေတာရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အမြင်တွေက ဒီအသင်းမှာ စီးဆင်းနေပါတယ်။ နည်းပြအာတေတာဟာ အဝတ်လဲခန်းကို အလုံးစုံ ထိန်းချုပ်ထားနိုင်သူ ဖြစ်တယ်။ ကစားသမားအားလုံးဟာ သူ့ကို လေးစားကြတယ်။ ”

အက်ဂွါဒိုက ” အစဉ်အဆက်မှာလည်း အာဆင်နယ်ဟာ နာမည်ကြီး ကြယ်ပွင့်တွေနဲ့ အသင်းကို မတည်ဆောက်ပါဘူး။ တဦးတည်းကို မှီခိုကစားတတ်တဲ့အသင်း မဟုတ်ပါဘူး။ ကိုယ့်အတွက်ပဲ ကစားတတ်သူတွေဟာ အာဆင်နယ်မှာ အဆင်မပြေပါဘူး။ ကြားထဲမှာ နာမည်ကျော်ကြယ်ပွင့်တွေ ခေါ်ယူခဲ့တာမျိုး ရှိပေမယ့် အဆင်မပြေခဲ့ဘူးလေ။ အခုတော့ နည်းပြ အာတေတာဟာ စုဖွဲ့မှုအပြည့်ရှိတဲ့ အသင်းတသင်းကို တည်ဆောက်ထားနိုင်နေပါပြီ။ ”

” ဒီနေ့ ဘောလုံးကမ္ဘာဟာ ငွေကြေးအင်အားတောင့်တင်းတဲ့အသင်းတွေ များပြားလာတာကြောင့် ပိုမိုခက်ခဲလာတာ မှန်ပေမယ့် အာဆင်နယ်အသင်းသာ ဒီအတိုင်း ရှေ့ဆက် လျှောက်လှမ်းသွားနိုင်ရင် အရင်လို အောင်မြင်မှုလမ်းကြောင်းထက်မှာ ရှိနေမှာ သေချာပါတယ်။ ဒီနှစ်မှာလည်း သူတို့ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ထိုက်တန်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Ref : The Athletic