ပြီးခဲ့တဲ့ရာသီ အဓိကပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီးဖြစ်လို့ ဆင်ခြေပေးလို့မရတော့တဲ့ အာတီတာ
အာဆင်နယ်အသင်း ပြီးခဲ့တဲ့ရာသီ ဘာလို့ ပရီးမီးယားလိဂ်မရခဲ့လဲလို့ မေးလိုက်ရင် သိပ်မကွာခြားတဲ့ အဖြေကို ပေးကြမှာဖြစ်ပြိး အာတီတာကတော့ အရှိန်အဟုန်ကြောင့်လို့ ပြောခဲ့ပါတယ်။
“အဓိကကျတဲ့ အခိုက်အတန့်တွေမှာ တစ်ပုံစံတည်း သွားနိုင်ခဲ့သင့်တဲ့အချိန်မှာ အခြေအနေအများစုမှာ ဖြစ်ခဲ့တဲ့အတိုင်း ကျွန်တော်တို့အတွက် မဖြစ်ခဲ့ဘူး။ တစ်ပွဲ၊ နှစ်ပွဲ၊ သုံးပွဲ။ ပြီးတော့ ကျွန်တော်တို့ အရှိန်အဟုန်ပျောက်ဆုံးသွားခဲ့တယ်။ သူတို့တွေ အရှိန်ရသွားခဲ့တယ်။ ဒါက အပြောင်းအလဲဖြစ်ခဲ့တယ်။ အရမ်းများတဲ့အပြောင်းအလဲပေ့ါ။ ပြီးတော့ ခင်ဗျားက ၂၅ ပွဲဆက်တိုက်အနိုင်ယူနိုင်တဲ့အသင်းအကြောင်း ပြောနေတာပါ။ အဲဒီတော့ နောက်ဆုံး သူတို့လိုအပ်တဲ့အရာက အရှိန်အဟုန်နဲ့ ယုံကြည်မှုပါ။ ကျွန်တော်တို့ သူတို့ကို အဲဒါ ပေးခဲ့မိပါတယ်။”
ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရတာက အဓိကပြဿနာဖြစ်ခဲ့တယ်လို့ အချို့က ယုံကြည်ကြပေမယ့်လည်း အာတီတာကတော့ ရာသီကုန်ပိုင်းမှာ ဂန်းနားတွေက စိတ်လှုပ်ရှားခဲ့သလောက် မန်စီးတီးက စိတ်မလှုပ်ရှားဘဲ ပုံမှန်အတိုင်း နိုင်ပွဲတွေ ရယူသွားနိုင်တာက ကွဲပြားခြားနားမှုကို ဖြစ်စေခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အများစုကတော့ အာဆင်နယ်ရဲ့ အဓိကနေရာတွေမှာ အရည်အသွေးကင်းမဲ့နေမှုက ပြဿနာဖြစ်ခဲ့တယ်လို့ ထင်မြင်ကြပြီး ဂွါဒီယိုလာက ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးလူစာရင်းမှာ အရည်အသွေးရှိတဲ့ ရွေးချယ်စရာတွေရှိနေပေမယ့်လည်း ၎င်းတို့ လူစာရင်းဟာ အလွန်သေးငယ်ပြီး ပရီးမီးယားလိဂ်မှာ အသေးငယ်ဆုံးဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ အသင်းက လူပိုတွေ ရောင်းထုတ်ဖို့အတွက် လုပ်ဆောင်နေပြီး အီဒူးသာ လူစာရင်းကို မျှော်လင့်ထားတဲ့အဆင့်အတန်းကို ရောက်ရှိစေချင်တယ်ဆိုရင် နေရာတိုင်းအတွက် အရည်အသွေးမြင့်မားတဲ့ ရွေးချယ်စရာ ၂ ခုအထိ ရှိလာအောင် လုပ်ဖို့လိုမှာဖြစ်ပါတယ်။
မတ် တန်နာက နော်တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် ဒေးဗစ် ရာယာကို အစားထိုးခေါ်ယူသွားမှာဖြစ်ပြီး စပိန်ဂိုးသမားဟာ ရမ်းစ်ဒေးလ်အတွက် ယှဉ်ပြိုင်မှု အမှန်တကယ် ပေးနိုင်မယ့် ကစားသမားဖြစ်ပါတယ်။ နောက်ခံတောင်ပံမှာလည်း ဘန် ဝှိုက်၊ တင်းဘား၊ တိုမီယဆု၊ တီယာနီ၊ ဇင်ချန်ကိုတို့ကြား ယှဉ်ပြိုင်မှုတွေ ရှိနေပြီး သောမတ်စ် ပါတေးနဲ့ ခီဗီယောတို့လည်း နောက်ခံတောင်ပံမှာ ကစားနိုင်ကြတာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးက ရူဘင် ဒီယက်စ်၊ ဂျွန် စတုန်းစ်၊ နေသန် အကီ၊ အကန်းဂျိ၊ ဂဗာဒီယောလ်နဲ့ လာပေ့ါတ်တို့လို ပိုကောင်းမွန်တဲ့ ဗဟိုခံစစ်ကို ပိုင်ဆိုင်ထားသလို ကွင်းလယ်မှာလည်း ကိုဗာချစ်၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ကယ်လ်ဗင် ဖိလစ်ပ်စ်တို့လို ကစားသမားတွေရှိနေပြီး ဘာနာဒို ဆေးလ်ဗားနဲ့ ဖိုဒန်တို့လည်း ကွင်းလယ်ဗဟိုမှာ ကစားပေးနိုင်တာ ဖြစ်ပါတယ်။
အာဆင်နယ်မှာလည်း ကွင်းလယ်ဗဟိုအတွက် သောမတ်စ် ပါတေး၊ ဒီကလန် ရိုက်၊ ဂျော်ဂျင်ညို၊ မာတင် အော်ဒီဂွါဒ်၊ ဖေဘီယို ဗီယာရာ၊ စမစ် ရိုး၊ ခိုင် ဟာဗတ်ဇ်၊ လိုအပ်ရင် ထရော့ဆာ့ဒ်ပါ ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ အရည်အသွေးပိုင်းက ဘယ်သူက ပိုမိုကောင်းမွန်လဲဆိုတဲ့အပေါ်မှာမူတည်ပြီး ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ ကွာခြားသွားမှာဖြစ်ပေမယ့်လည်း လူစာရင်းအရည်အသွေးပိုင်းမှာတော့ အာဆင်နယ်က ပိုမို သာလွန်နေတာစြဖ်ပါတယ်။
တောင်ပံနေရာမှာ မန်စီးတီးက မာရက်ဇ်ရဲ့ နေရာမှာ အစားထိုးနိုင်ခြင်းမရှိသေးဘဲ ကိုး ပါလ်မာက ကွန်မြူနတီဒိုင်းလုပွဲမှာ အထင်ကြီးဖွယ်ကောင်းခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့အရည်အသွေးရှိကြောင်း သက်သေပြထားတဲ့ကစားသမားဆိုလို့ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့သာ ရှိနေတာဖြစ်ပါတယ်။
အာဆင်နယ်မှာတော့ ဂါဘရီယဲလ် မာတီနယ်လီ၊ ဆာကာ၊ ရိစ် နယ်လ်ဆင်၊ ထရော့ဆာ့ဒ်တို့လို ကစားသမားတွေ ရှိနေသလို ဂျေးဇု၊ အန်ကီးတီးယား၊ စမစ် ရိုး၊ ဖေဘီယို ဗီယာရာတို့အားလုံးကလည်း အရင်တုန်းက တောင်ပံနေရာတွေမှာ ကစားဖူးတာဖြစ်ပါတယ်။
တိုက်စစ်ပိုင်းမှာ ယူလီယန် အယ်လ်ဗာရက်ဇ်၊ အာလင်း ဟာလန်းတို့က အာတီတာလူစာရင်းထဲက တိုက်စစ်မှူးတွေထက် ပိုမိုကောင်းမွန်တာဖြစ်နိုင်ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီလိုမဟုတ်ဘဲ ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူထားနိုင်ခဲ့တာကြောင့် အန်ကီးတီးယားထက်စာရင်တော့ ပိုကောင်းမွန်တဲ့ရွေးချယ်စရာရှိလာတာ သေချာပါတယ်။
ပြီးခဲ့တဲ့ရာသီက တိုက်စစ်ပြဿနာက အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ထိခိုက် နစ်နာစေခဲ့တဲ့အဓိကပြဿနာဖြစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂန်းနားတွေဟာ ပြိုင်ပွဲအများအပြားမှာ ယှဉ်ပြိုင်နိုင်စေမယ့် အဓိကပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းက ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆုဖလားတွေအားလုံးလည်း ဆွတ်ခူးနိုင်ခဲ့ပြီးသားဖြစ်တာကြောင့် အားသာချက်ရှိနေပေမယ့်လည်း အာတီတာအနေနဲ့ ဒီရာသီမှာတော့ အာဆင်နယ်လူစာရင်းထဲက ကိန်းဂဏန်းတွေအရ အသင်းကို အောင်မြင်မှု ရရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ရင် ဆင်ခြေပေးစရာ အကြောင်းမရှိတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Featured Article