မျက်ရည်များ၊ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းများနဲ့ ဂျေးဇု ပြန်လာခြင်း mgsaw

မျက်ရည်များ၊ အပြင်းအထန် ကြိုးစားအားထုတ်ခြင်းများနဲ့ ဂျေးဇု ပြန်လာခြင်း

ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အတွက် ကစားပေးရင်း ဂျေးဇုတယောက် ဒူးဒဏ်ရာ ရခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရချိန်မှာ အာဆင်နယ်ဟာ ချက်ချင်းဆိုသလိုပဲ လန်ဒန်ကို လေယာဉ်နဲ့ အမြန်ပြန်ခေါ်ခဲ့တယ်။ လက်ရွေးစင်အသင်းအတွက် ဆက်မကစားပေးနိုင်တော့ဘဲ ကာတာကနေ ပြန်လာခဲ့ရတဲ့အတွက် ဂျေးဇုမှာလည်း စိတ်ခံစားချက်တွေနဲ့ပါ။ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ပြီဆိုတာဟာ ကစားသမားတိုင်းအတွက်တော့ စိတ်ပျက်စရာပဲမလား။

အာဆင်နယ်ကို ပြန်ရောက်အပြီး ဒဏ်ရာအခြေအနေမှန် ထွက်ပေါ်လာခဲ့ချိန်ကတော့ စိတ်ပျက်စရာတွေဟာ ပိုမိုကြီးမားလာခဲ့ပြီး မျက်ရည်များပင် ကျခဲ့တယ်။ တချိန်တည်းမှာပဲ မြက်ခင်းစိမ်းထက် အမြန်ဆုံး ပြန်လာနိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားခြင်းရဲ့အစလည်း ဖြစ်တည်ခဲ့တယ်။ ဂျေးဇုကို ကမ္ဘာတလွှားက ပရိသတ်တွေက ဖုန်းနဲ့တသွယ်၊ မက်ဆေ့ချ်တွေနဲ့ တနည်း အားပေးခဲ့ကြတယ်။ ဒါတွေက ‌ဂျေးဇုအတွက်တော့ အားတွေပါ။

ထို့အတူပဲ ကမ္ဘာတလွှားက ဆေးပညာရှင်တွေကလည်း မတူညီတဲ့ ကုထုံးတွေ၊ နည်းလမ်းတွေနဲ့ ဂျေးဇုဒဏ်ရာ အမြန်သက်သာလာစေဖို့ ကမ်းလှမ်းမှုတွေ ပြုခဲ့ကြတယ်။ တချို့ အိုင်ဒီယာတွေ၊ ကုထုံးတွေဟာ အဆန်းတကြယ်တောင် ရှိခဲ့တယ်။ အာဆင်နယ်ကတော့ ကစားသမားရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကောင်းဆုံး ဖြစ်စေဖို့အတွက် အိမ်မှာပဲ အေးအေးလူလူ နေစေခဲ့ပါတယ်။

ဒဏ်ရာကနေ အပြည့်အဝ ပြန်ကောင်းလာဖို့ ဂျေးဇုဟာ အချိန်သုံးလ ယူခဲ့ရပါတယ်။ ဒီဒဏ်ရာအတွက် ဆေးအဖွဲ့ရဲ့ စုပေါင်းလုပ်ဆောင်မှုတွေ၊ ကုသမှုတွေနဲ့ ဂျေးဇုရဲ့ ပြင်းပြင်းထန်ထန် အားထုတ်မှုတွေဟာ မျှော်မှန်းထားတာထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုကို ရောက်လာစေပြီး အာဆင်နယ်အတွက် အမြန်ဆုံး ပြန်ကစားပေးနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီးနောက် မြက်ခင်းစိမ်းထက်ကို ဂျေးဇု ပြန်လာနိုင်ခဲ့တယ်။ ကြံ့ခိုင်မှုက အပြည့်အဝ မရှိသေးပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပွဲကစားချိန်တွေ ယူပြီး အပြည့်အဝ ဖြစ်လာဖို့ အားယူနေပါပြီ။ သူ့ရဲ့ ပြန်လာခရီးက ချီးကျူးဖို့ ကောင်းပြီး စိတ်ပျက်စရာတွေကို အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားခြင်းနဲ့ ကျော်ဖြတ်ခဲ့ခြင်းဟာ အတုယူစရာလည်း ကောင်းပါတယ်။

ဂယ်ရီ အို ဒရစ်ကိုးလ် ဦးဆောင်နေတဲ့ အာဆင်နယ်ဆေးအဖွဲ့ဟာ ဒူးဒဏ်ရာတွေနဲ့ပတ်သက်လို့ အတွေ့အကြုံကောင်းကောင်း ရှိပါတယ်။ ရော့ဘ် ဟိုးဒင်း၊ ဘယ်လာရင်၊ မာတင်နယ်လီတို့ရဲ့ ဒူးဒဏ်ရာတွေကို အကောင်းဆုံး ကုသပေးနိုင်ခဲ့တယ်။ ဒီကြားထဲမှာ အယ်လ်နီနီဟာလည်း ဒူးဒဏ်ရာရနေလို့ ကုသမှု ခံယူနေရဆဲပါ။ အာဆင်နယ်ဟာ ဒူးဒဏ်ရာနဲ့ပတ်သက်လို့ နာမည်ရ ခွဲစိတ်ပညာရှင်ဖြစ်တဲ့ အန်ဒီ ဝီလီယံစ်နဲ့လည်း လက်တွဲခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ဆေးအဖွဲ့ကသာ အစစအရာရာ ဆောင်ရွက်နေပုံပါပဲ။

ကာတာကနေ ဂျေးဇုပြန်လာအပြီး အချိန်တိုအတွင်းမှာပဲ ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့တယ်။ အဲဒီအတွက် ဆေးအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ် ပြုရမှာပါ။ ဒဏ်ရာကနေ အကောင်းဆုံး ပြန်လာနိုင်မှုဆိုတာမျိုးက ခန္တာကိုယ် ကြံ့ခိုင်မှု တခုတည်းတင် မဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းနေမှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်တတ်တာမျိုးပါ။

အဲဒီအတွက် အာဆင်နယ်အသင်းရဲ့ စိတ်ပညာရှင်တွေကလည်း ဂျေးဇုတယောက် စိတ်ပိုင်းဆိုင်ရာအခြေအနေ အကောင်းဆုံးမှာ ရှိစေဖို့နဲ့ ခန္တာကိုယ်အတွက် အကျိုးရှိစေဖို့ ဆောင်ရွက်နိုင်ခဲ့တယ်။ ပထမဆုံးနေ့ရက်ကတည်းက ဘယ်နေ့မှာ ပြန်ကောင်းလာဖို့ မျှော်လင့်ထားတယ်ဆိုတာမျိုး အာဆင်နယ်က မပြောခဲ့ဘူး။ ဒဏ်ရာအခြေအနေ အကောင်းဆုံး ဖြစ်စေဖို့အတွက်သာ အာရုံစိုက်ခဲ့တယ်။

လေးငါးရက်လောက်အကြာမှာ ဂျေးဇုရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ လုံးဝ ပြောင်းလဲဿွားခဲ့တယ်။ အကောင်းမြင်စိတ်တွေ တိုးပွားလာပြီး အမြန်ဆုံး ပြန်လာနိုင်ဖို့အတွက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ ကြိုးစားမှုတွေ စတင်ခဲ့တယ်။ ပြိုင်ဘက်အသင်းတွေကို ဂိုးသွင်းနိုင်ဖို့ ဆာလောင်စိတ်ပြင်းပြသနေသလိုမျိုး ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာစေဖို့အတွက် ဂျေးဇု ကြိုးစားခဲ့ပါတယ်။

ဆေးအဖွဲ့က (၁၂) ရက်တာအတွက် ရည်မှန်းထားတဲ့ လုပ်ငန်းစဉ်တွေကို ဂျေးဇုက (၁၀) ရက်တည်းနဲ့ ဆောင်ရွက်ပြတယ်။ (၃) ပတ်ဆိုရင် (၂) ပတ်ခွဲလောက်နဲ့ရအောင် ကြိုးစားပြတယ်။ ဒါဟာ ဒီဒဏ်ရာကနေ ရုန်းထွက်နိုင်ဖို့ ဂျေးဇုတယောက် ဘယ်လောက်အထိ စိတ်ဓာတ်ပြင်းထန်ခဲ့သလဲဆိုတာကို ပြောပြပါတယ်။ ဂျေးဇု ကြံ့ခိုင်မှုအတွက် အဓိက တာဝန်ယူခဲ့ရသူကတော့ အသင်းရဲ့ Physiotherapist အဖွဲ့ ဦးဆောင်သူဖြစ်တဲ့ ဂျော်ဒန် ရီးစ်ပါပဲ။ ဂျေးဇုရဲ့ လှုပ်ရှားမှုနဲ့ ကြွက်သားတွေ အကောင်းဆုံး ပြန်ဖြစ်လာစေဖို့အတွက် ရီးစ်ရဲ့ လုပ်ငန်းစဉ်တွေက အကျိုးပြုခဲ့တယ်။

အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြတဦးဖြစ်တဲ့ ဆမ် ဝီလ်ဆင်ကလည်း ဂျေးဇုနဲ့အတူ အနီးကပ် ရှိနေခဲ့တယ်။ အားကစားသိပ္ပံပညာရှင် တွန်အလန်ဟာလည်း ဂျေးဇုတယောက် နည်းပြ အာတေတာရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်လာနိုင်ဖို့ အနီးကပ် အကြံပေးခဲ့တယ်။ ကြွက်သားငယ် ကုထုံးပညာရှင် ဝီလ် စတိုရေးဟာလည်း အဓိကကျတဲ့ အခန်းကဏ္ဍာကနေ ပါဝင်ခဲ့တယ်။ ဒါတွေဟာ အာဆင်နယ်အသင်းရဲ့ ပညာရှင်တွေရဲ့ နောက်ကွယ်က စုပေါင်းအားထုတ်မှု ရလဒ်တွေ ဖြစ်ပါတယ်။

ဦးနှောက်ပေါင်းများစွာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကစားသမားကိုယ်တိုင်ရဲ့ စိတ်ဓာတ်ပြင်းပြမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ သေးငယ်တဲ့ အောင်မြင်မှုလေးတွေက အစပြုလို့ ကြီးမားတဲ့ အောင်ပွဲတခုကို ရလာစေတယ်။ ဂျေးဇုဟာ တဖြည်းဖြည်းနဲ့ ကြံ့ခိုင်မှု စမ်းသပ်ချက်တွေကို ကျော်ဖြတ်ရင်း ကွင်းထက်မှာ ပြေးလွှားလှုပ်ရှားနိုင်တဲ့ အခြေအနေကို ရောက်လာတယ်။ ပြေးစက်ပေါ်မှာ အစပြုတယ်။ နောက်တော့ မြက်ခင်းစိမ်းဆီ ပြန်လာခဲ့တယ်။ လတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီး ပြေးလွှားနေတဲ့ ဂျေးဇုစိတ်ထဲမှာ ဘောလုံးနဲ့ ပြန်လည်ထိတွေ့နိုင်တော့မယ့်အချိန်ကိုပဲ မျှော်နေခဲ့ပြီ။

ဒီအချိန်ဟာလည်း သိပ်မကြာခဲ့ပါဘူး။ သိကြတဲ့အတိုင်းပဲ တဦးချင်း လေ့ကျင့်ခန်းတွေ ပြီးနောက်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းငယ်လေးတွေ ဆင်းနိုင်ခဲ့ပြီး နောက်ဆုံးတော့ ဂျေးဇုကို ပရိသတ်တွေ ပြန်မြင်ခဲ့ရပြီ ဖြစ်တယ်။ ဂျေးဇုဟာ အာဆင်နယ်အသင်းရဲ့ ဦးဆောင်သူတဦးဖြစ်ပြီး လွှမ်းမိုးမှုအားလည်း ကြီးမားသူပါ။ အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။

ဒဏ်ရာရနေစဉ်တလျှောက်လုံးမှာလည်း အသင်းနဲ့အတူ အနီးကပ်ရှိနေခဲ့တယ်လို့ သိရပါတယ်။ ပွဲတိုင်းပွဲတိုင်းမှာ အသင်းကို အားပေးခဲ့ပြီး အဝတ်လဲခန်းအတွင်းမှာလည်း အားပေးမှုတွေ ပြုလုပ်ခဲ့တယ်။ အသင်းဖော်တွေကိုယ်တိုင်လည်း ဂျေးဇုရဲ့ တိုးတက်မှုတွေကို မြင်ရပြီး စိတ်ဓာတ်ခွန်အားတွေ ရခဲ့ကြတယ်။ အထူးသဖြင့် တိုက်စစ်မှူးလေး အက်ဒီ အန်ကီးတီးယားနဲ့ ဂျေးဇုဟာ တချိန်လုံး ရှိနေခဲ့တယ်။

အန်ကီးတီးယားကို နေ့စည်နေ့တိုင်း အကြံဉာဏ်တွေပေးပြီး သူမရှိစဉ်အတောအတွင်း သူ့နေရာကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ပံ့ပိုးခဲ့သူက ဂျေးဇုပါ။ အန်ကီးတီးယားဟာလည်း ဒီအချိန်တွေမှာ ကောင်းကောင်း အကျိုးပြုနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ မန်ယူနဲ့ပွဲ နောက်ဆုံးမိနစ်မှာ အန်ကီးတီးယားတယောက် အနိုင်ဂိုး သွင်းယူလိုက်ချိန်မှာ ဂျေးဇုဟာ ဘေးစည်းမှာ အင်္ဂလန်သားလေးနဲ့အတူ အောင်ပွဲခံဖို့ စောင့်နေခဲ့ပါတယ်။ အန်ကီးတီးယား ကွင်းထက်ကနေ ထွက်လာခဲ့ချိန်မှာတော့ နှစ်ယောက်သား ပြုံးပျော်ရွှင်စွာနဲ့ ဖက်လိုက်ကြတယ်။