အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ mgsaw

အာတေတာရဲ့ ဘဝနေနည်းနဲ့ အတွေးအမြင်များ

ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်လို့ မန်နေဂျာတွေကို ကလပ်အသင်းဘက်က လွတ်လပ်ခွင့် ပေးထားပေမယ်လို့ ရွေးချယ်စရာ သိပ်များများ‌စားစားတော့ မရှိပါဘူး။ ပုံမှန်အားဖြင့် သုံးမျိုးသုံးစားပဲ တွေ့ရတတ်တယ်။

ပထမတမျိုးကတော့ ထုံးစံအတိုင်း ကုတ်အင်္ကျီနဲ့ နက်ကတိုင်နဲ့ပေါ့လေ။ အနောက်တိုင်းဆန်ဆန် အထာကျကျပေါ့။ ရှောင်ဒိုက်၊ ဒေးဗစ်မွိုက်စ်နဲ့ တချိန်က ဆာအဲလက်စ် ဖာဂူဆန်တို့ဟန်မျိုး ဖြစ်တယ်။

ဒုတိယကတော့ အားလုံးတသားတည်းပဲဆိုတဲ့ အထာမျိုး။ tracksuit ဝတ်ထားမယ်။ ဘေ့စ်ဘောဦးထုပ်ဆောင်းမယ်။ အားကစားနည်းပြစစ်စစ်ဆိုတဲ့ ပုံစံမျိုး။ ဒီနေရာမှာ ညွှန်းဆိုရမှာက လီဗာပူးလ်နည်းပြ ယော်ဂန်ကလော့ပ်ပဲ။

တတိယအမျိုးအစားကတော့ ခေတ်ဆန်တဲ့အထဲပါတယ်။ ကိုယ်ပိုင် stylish တွေ ထားထားတယ်။ designer clothing တွေ ဝတ်တယ်။ စမတ်ကျကျ၊ အထာကျကျ ‌ဖက်ရှင်ရေစီးနဲ့ အဆက်မပြတ်တဲ့ နည်းပြအထာမျိုးပေါ့။ ဂွာဒီယိုလာ၊ ဂျိုဆေး မော်ရင်ညို၊ ဇီဒန်း၊ လမ်းပတ်၊ ပိုချက်တီနိုနဲ့ ဂါရက်သ် ဆောက်ဂိတ်တို့ပေါ့။ ဒီအုပ်စုထဲမှာ နည်းပြ အာတေတာလည်း ပါတယ်။

နည်းပြ အာတေတာဟာ ဖက်ရှင်ကို သဘောကျတဲ့အထဲ ပါပါတယ်။ မကြာခဏဆိုသလို ကိုယ်တိုင် ဈေးဝယ်ထွက်တတ်သူ ဖြစ်တယ်။ နာမည်ကြီး ဒီဇိုင်နာဘရမ်းတွေကို ကြိုက်နှစ်သက်တယ်။ အထူးသဖြင့် မော်ဒန် အီတလီထုတ်တွေကို သူ အများဆုံး မျက်စိကျတယ်။ ရှုပ်ရှုပ်ရှက်ရှက် အဝတ်အထည်မျိုးဆို မကြိုက်ဘူး။ အဝတ်အထည်မှာ သက်တောင့်သက်သာနဲ့ ကျော့ကျော့ရှင်းရှင်း ဖြစ်ဖို့ကိုပဲ သူ အလေးထားတယ်လို့ သိရပါတယ်။

” ကျွန်တော့် ကိုယ်ရည်ကိုယ်သွေး၊ ကလပ်အသင်းရဲ့ပုံရိပ် စသဖြင့် ကိုက်ညီတဲ့ အဝတ်အထည်မျိုးကိုပဲ ကျွန်တော် ဝတ်လေ့ရှိပါတယ်။ ပြောရရင် အချိန်တိုင်းပဲပေါ့။ ကျွန်တော် သူငယ်ချင်းတွေနဲ့ ညစာအတူထွက်စားတာမျိုးမှာလည်း ကျွန်တော် ဒီလိုပဲ ရွေးချယ် ဝတ်ဆင်တာပါပဲ။ ”

” ကျွန်တော်က စာအုပ်ကြီးသမား ဖြစ်တယ်။ သမရိုးကျဆန်တယ်။ ဥပမာ အသင်းနိုင်နေပြီဆိုရင် ကျွန်တော်ဖြင့် အင်္ကျီတောင် မလဲချင်ပါဘူး။ ဒီအင်္ကျီ၊ ဒီဘောင်းဘီ၊ ဒီဖိနပ်ကိုပဲ ဆက်ဝတ်ဖြစ်နေတတ်တာမျိုးပေါ့။ ရှုံးတော့မှပဲ တမျိုး ပြောင်းဝတ်ဖို့ စဉ်းစားဖြစ်ပါတယ်။ ”

” ကျွန်တော် အဝတ်အစားကို နည်းနည်း စိတ်ဝင်စား ဖြစ်ပါတယ်။ အဓိကက သက်တောင့်သက်သာ ဖြစ်ဖို့ပါပဲ။ အထက်တန်းကျကျ ဝတ်ဆင်တာမျိုးကို ကျွန်တော် ကြိုက်ပါတယ်။ ရှုပ်ရှုပ်ထွေးထွေးဆန်တာတွေတော့ မကြိုက်ပါဘူး။ cashmere တွေ ကြိုက်တယ်။ ကျော့ရှင်းပြီး ဝတ်ရတာ ဇိမ်ရှိတာမျိုးတွေ ကြိုက်ပါတယ်။ ”

” ကျွန်တော့် ဝတ်စားဆင်ယင်ပုံက ပြောင်းချင်လည်း ပြောင်းနိုင်တာပေါ့။ အဲဒီအတွက် ကျွန်တော် ဗီရို ပြန်ကြည့်လိုက်ဦးမယ်။ (ရယ်လျက်) ကျွန်တော့်အမြင်မှာတော့ ဒီလို အမြင့်မားဆုံးအဆင့်တွေမှာ တည်ငြိမ်မှုတခုရှိဖို့ လိုအပ်ပါတယ်။ အသေးစိတ်ကျပြီး ရှင်းရှင်းလင်းလင်း ဖြစ်နေရပါမယ်။ တချိန်တည်းမှာပဲ ဖန်တီးမှုအမြင်လည်း ရှိနေရမယ်ပေါ့။ ဒီလိုမျိုးကို ကျွန်တော် ကြိုက်ပါတယ်။ ” ဆိုပြီး နည်းပြ အာတေတာက ပြောပါတယ်။

နည်းပြ အာတေတာဟာ စာအရမ်းဖတ်သူ ဖြစ်တယ်။ နေ့စဉ်နေ့တိုင်းမှာ ဘာသာရပ်အသစ်တွေ၊ ဗဟုသုတအသစ်တွေကို ရှာဖွေဖို့အတွက် (၄၅) မိနစ်လောက် အမြဲ အချိန်ပေးပြီး စာဖတ်ဖြစ်တယ်လို့ သိရတယ်။ ဒါဟာ တဖက်မှာ သူ့ရဲ့ နိစ္စဒူဝအလုပ်တွေကိုလည်း အထောက်အကူ ပြုပါတယ်။

အင်တာဗျူးတွေ၊ အသင်းသားတွေကို စိတ်ဓာတ်ခွန်အားပေးပုံတွေမှာ နည်းပြ အာတေတာရဲ့ ဗဟုသုတနဲ့ အတွေးအခေါ် မြင့်မားမှုကို မြင်တွေ့ရတယ်။ အခုလတ်တလောမှာ သူဖတ်ဖြစ်နေတဲ့ စာအုပ်က Cass R. Sunstein, Daniel Kahneman နဲ့ Olivier Sibony တို့ရေးတဲ့ Noise: A Flaw in Human Judgment စာအုပ် ဖြစ်ပါသတဲ့။

” ကျွန်တော် ပညာရေးနဲ့ဆိုင်တဲ့ စာအုပ်တွေကိုလည်း ဖတ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆယ်ကျော်သက်တွေနဲ့ အချိန်ကုန်ဆုံးနေရသူ ဖြစ်တယ်လေ။ အဲဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိလာတယ်။ သူတို့ကို စာအုပ်ပေးဖတ်ရတယ်။ ဗဟုသုတ ရှာဖွေခိုင်းရတယ်။ ”

” အသင်းသားတွေထဲမှာ ဂရာနစ် (ချာကာ) ဆိုရင် စာတွေဖတ်‌ဖြစ်နေပြီ။ ဘူကာရို (ဆာကာ) လေးလည်း စဖတ်နေပြီ။ အခြားသူအချို့လည်း ရှိပါသေးတယ်။ ခက်တာက ကျွန်တော်တို့ ဖုန်းတွေဗျ။ နေရာတကာ ပါနေတော့ ဒီဖုန်းလက်ထဲမှာ ရှိနေရုံနဲ့ အရာအားလုံး ရနေတယ်လေ။ (၁၀) မိနစ်လောက် သုံးမယ်ဆိုရာကနေ (၂) နာရီ၊ (၃) နာရီလောက်လည်း ကြာသွားနိုင်တာပဲ။ ကျွန်တော်တို့ ဒါတွေကနေ ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။ ” ဆိုပြီး နည်းပြ အာတေတာက ပြောပါတယ်။

နည်းပြ အာတေတာဟာ အချိန်ဇယားနဲ့ အလုပ်လုပ်တတ်သူ ဖြစ်တယ်။ မရေရာမှုတွေများလှတဲ့ဘဝမှာ အချိန်တိတိကျကျနဲ့ လုပ်စရာရှိတာတွေ လုပ်ခြင်းကပဲ တည်ငြိမ်မှုတခုကိုပေးတယ်လို့ မှတ်ယူပါတယ်။ မနက်စောစော ထတတ်သူလည်း ဖြစ်တယ်။ ဘယ်လောက်ပဲ ညနက်နက် မနက် (၄) နာရီခွဲဆိုရင်ပဲ သူ အလိုလိုနိုးနေပြီ။

ပြီးရင် ဇနီးဖြစ်သူ လိုရီနာ၊ သား (၃) ‌ယောက်ဖြစ်တဲ့ ဂါဘရီယဲလ်၊ ဒန်နီယဲလ်၊ အိုလီဗာတို့နဲ့ မနက်စာ အတူစားတယ်။ ဒါမှမဟုတ် အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုပဲ စောစောသွားတယ်။ အဲဒီမှာ အချိန်ခဏပေးပြီး လမ်းလျှောက်ရင် လျှောက်တယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူ့ ရုံးခန်းထဲက ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတတ်တယ်။

” ငြိမ်ငြိမ်သက်သက်လေးနဲ့ စိတ်ကိုထိန်းချုပ်နေရတာမျိုးကို ကျွန်တော် ကြိုက်ပါတယ်။ ဒီလိုအခိုက်အတန့်လေးကို သဘောကျတယ်။ ဒီနေ့ ဒါမှမဟုတ် ဒီတပတ်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ စဉ်းစားဖို့ အချိန်ရတာပေါ့။ ”

အပြောင်းအရွှေ့နောက်ဆုံးနေ့တုန်းကဆိုရင် သူ့ဆီ ဖုန်းတွေ အဆက်မပြတ် ဝင်နေတယ်။ စကားတွေ တရစပ် ပြောနေရတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့အေးဂျင့်ဆီ ဖုန်းကို (၄၅) မိနစ်လောက်ပေးထားလိုက်ပြီး စိတ်တည်ငြိမ်မှုကို ပြန်ရှာဖွေခဲ့တယ်။ ဒီနေရာမှာ သူအားကိုးတာက တရားထိုင်ခြင်းပဲ။

နည်းပြ အာတေတာဟာ တရားထိုင်ဖြစ်တာ နှစ်အတော်ကြာပြီ။ တပတ်ကို အနည်းဆုံး (၃) ကြိမ်လောက် တရားထိုင်ဖြစ်တယ်လို့ သိရတယ်။ တခါတလေမှာတော့ ဇနီးဖြစ်သူနဲ့ … တခါတလေမှာတော့ ကလေးတွေနဲ့ … တရားထိုင်ခြင်းဟာ စိတ်ရှုပ်ထွေးမှုတွေနဲ့ အဆက်ဖြတ်ရာမှာ လက်နက်ကောင်းတခုဖြစ်တယ်လို့ သူ မြင်တယ်။

” ကျွန်တော် ရွတ်လေ့ရှိတာက ပစ္စုပ္ပာန်တရားပဲ။ ငါ အခု မင်းနဲ့အတူရှိနေတယ်။ ဒီနေရာမှာ ရှိနေတယ်။ ဒီ‌ညမှာ ကလေးတွေနဲ့အတူ အိမ်မှာ မိသားစုအတွက် အချိန်ပေးမယ်။ ဒီအခိုက်အတန့်လေးကို ခံစားမယ် ဆိုတာမျိုးပေါ့။ အရင်တုန်းကတော့ ကျွန်တော်ဟာ ဒါပြီးရင် ဘာဖြစ်မလဲ … ဒါပြီးရင် ဘာဖြစ်မလဲဆိုတာမျိုးပဲ ဖြစ်ခဲ့တယ်။ အခုတော့ ပစ္စုပ္ပာန်မှာပဲ ကျွန်တော် နေထိုင်ပါတယ်။ ”

နည်းပြ အာတေတာဟာ အစားအသောက်ကောင်းကောင်း စားရတာမျိုးလည်း နှစ်သက်တယ်။ အထူးသဖြင့် ဆမ် ဆီဘတ်စတီယန်က အစားအသောက်တွေပဲ။ အဲဒီမှာက အခြား ဥရောပ ဘယ်မြို့ထက်မဆို များပြားလှတဲ့ မီချယ်လင်းစတားတွေ ရှိနေတယ်လို့ ဆိုတယ်။ ဒါပေမယ့် လန်ဒန်က အစားအသောက်အချို့ကိုလည်း ကြိုက်ပါတယ်။

နာရီဟာ သူ ကြိုက်နှစ်သက်တဲ့ အသုံးအဆောင်တွေထဲမှာ ပါပေမယ့် ဇိမ်ခံပစ္စည်း၊ ပိုင်ဆိုင်မှုတွေကို ပိုက်ဆံအကုန်ခံ ဝယ်စုတတ်သူမျိုးတော့ မဟုတ်ပါဘူး။

” ဒါက ကျွန်တော် ပြောတဲ့ ငြီးငွေ့ခြင်းဆိုတာပေါ့။ အသစ်အဆန်းတွေကိုပဲ ရှာနေမိတတ်တာမျိုးလေ။ ကျွန်တော် နာရီတွေကိုလည်း ကြိုက်ပါတယ်။ ” လို့ နည်းပြ အာတေတာက ပြောတယ်။ သူ့လက်မှာ ပတ်ထားတာက Rolex ပဲ။ ကြည့်ရတာ GMT Master II Sea King ထဲက ဖြစ်မယ် ထင်တယ်။ ဒီနာရီကို ဘောလုံးပွဲတွေမှာကအစ သူ မကြာခဏ ပတ်ထားတာမျိုး မြင်ရတယ်။

” ဒါပေမယ့် ကျွန်တော် ဇိမ်ခံပစ္စည်းတွေကို ဝယ်စုတတ်တဲ့အထဲ မပါပါဘူး။ ဒီလိုမျိုး ကျွန်တော် ဘယ်တော့မျှ မလုပ်ဖြစ်ပါဘူး။ (လူငယ်ကြယ်ပွင့်တွေ ဇိမ်ခံကားတွေ စီးကြ၊ ဝယ်ကြလေ့ရှိတာမျိုးကိုလည်း) ကျွန်တော်ကတော့ ဒါဟာ ဘာကြောင့်ဖြစ်သလဲဆိုတာမျိုးပဲ အဖြေရှာကြည့်ချင်ပါတယ်။ ကျွန်တော် သူတို့ကို ဝေဖန်ပိုင်းခြားသွားမှာ မဟုတ်ပါဘူး။ သူတို့ကို နားလည်ပေးဖို့ပဲ ကျွန်တော် ကြိုးစားပါတယ်။ ”

Ref : Telegraph