အမ်းမရိတ်စ်ကို လာဖို့ အခွင့်အရေးကို မငြင်းနိုင်ဘူးဆိုတဲ့ ရာယာနဲ့ တွေ့ဆုံမေးမြန်းမှု 1024 504 coyg

အမ်းမရိတ်စ်ကို လာဖို့ အခွင့်အရေးကို မငြင်းနိုင်ဘူးဆိုတဲ့ ရာယာနဲ့ တွေ့ဆုံမေးမြန်းမှု

အာဆင်နယ်က ၎င်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရပြီးနောက် ဒေးဗစ် ရာယာက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးဟာ ဘယ်လိုမှ ငြင်းပယ်လို့ မရနိုင်ဘူးလို့ ခံစားခဲ့ရတဲ့ လှပတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီအများအပြား ပရီးမီးယားလိဂ်မှာ ဘရန့်တ်ဖို့ဒ်နဲ့ အထင်ကြီးဖွယ် လက်စွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး အာတီတာနဲ့ စကားပြောခဲ့ပြီးနောက် ၎င်းရဲ့ အရည်အချင်းတွေကို ပိုမိုကြီးမားတဲ့အဆင့်မှာ ပြသဖို့အတွက် အချိန်ကောင်းဖြစ်တယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် ကစားသမားဘဝမှာ နောက်ထပ်တစ်ဆင့် တက်နိုင်ပြီး ဒီလိုစိန်ခေါ်မှုကို လက်ခံရရှိခဲ့အတွက် အရမ်းကို ဂုဏ်ယူဝင့်ကြွားမိပါတယ်။ ကျွန်တော် ရာသီ ဘယ်လို အဆုံးသတ်မလဲဆိုတာကို မြင်တွေ့ရဖို့ကို တကယ်စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် နည်းပြနဲ့စကားပြောခဲ့ပြီး သူက အာဆင်နယ်ရဲ့ တန်ဖိုးတွေက ဘာတွေလဲဆိုတာကို ပြောပြခဲ့ပါတယ်။ အသင်းက သွားနေတဲ့ပုံစံ၊ ပိုလို့တောင် ကြီးထွားလာနေတဲ့အကြောင်း ပြောခဲ့တယ်။ အဲဒီတော့ ဒါက ကျွန်တော် မငြင်းနိုင်ဘဲ လက်ခံရမယ့် လှပတဲ့ စိန်ခေါ်မှုပါ။ ကျွန်တော် အာဆင်နယ်ကို မြင်တွေ့ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး အာတီတာရောက်လာပြီးကတည်းက အသင်းနဲ့ ကစားဟန်ကို ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့တယ်။ ခံစစ်ကနေ ကစားတဲ့ပုံစံက အရမ်းသက်တောင့်သက်သာရှိပြီး တခြားအသင်းတွေကို ဘောလုံးပိုင်ဆိုင်မှုရယူပြီး ကစားရတာက ကျွန်တော် ဒီအသင်းနဲ့ အံဝင်မယ်ဆိုတာ ကျိန်းသေသွားတဲ့အဓိကအချက်ပါ။ ကျွန်တော် တတ်နိုင်သလောက် အသင်းကို ကူညီဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့”

ရာယာဟာ ဘရန့်တ်ဖို့ဒ်မှာတုန်းက အတူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ အာဆင်နယ်ဂိုးနည်းပြ အီနာကီ ကာနာနဲ့ လန်ဒန် ကိုလ်နီမှာ ပြန်လည်တွေ့ဆုံရတော့မှာဖြစ်ပြီး ဆရာဟောင်းနဲ့ ပြန်လည်တွေ့ဆုံရမှာကို စပိန်ဂိုးသမားက စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။

ဒေးဗစ် ရာယာဟာ ဘလက်ဘန်းကနေ ၂၀၁၉ ခုနှစ် နွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက အီနာကီလက်အောက်မှာ လက်စွမ်း တိုးတက်လာခဲ့သူဖြစ်ပြီး အသင်းဖော်သစ်တွေကို ကွင်းတွင်းမှာရော ကွင်းပြင်ပမှာ လျင်လျင်မြန်မြန်နဲ့ အထင်ကြီးအောင် လုပ်ပြဖို့ ရည်မှန်းထားတဲ့ စပိန်ဂိုးသမားအတွက် ရင်းနှီးပြီးသားသူနဲ့ အလုပ်လုပ်ရမှာက ချက်ချင်း လက်စွမ်းပြနိုင်ဖို့ အကူအညီဖြစ်စေလိမ့်မယ်လို့ ယုံကြည်မှုပိုမိုမြင့်မားစေခဲ့တာဖြစ်ပါတယ်။

“အီနာကီက အရမ်းတောင်းဆိုတဲ့သူပါ။ ဒါပေမယ့် သူက အရမ်းတော်တဲ့ ဂိုးနည်းပြပါ။ သူက အမြဲတမ်း ခင်ဗျားကို တွန်းအားပေးနေပြီး ခင်ဗျားကို အကောင်းဆုံးပဲ ဖြစ်စေချင်လို့ပါ။ ကျွန်တော် သူနဲ့ စလေ့ကျင့်ရတဲ့အချိန်ကတည်းက အများကြီးပိုကောင်းလာတယ်လို့ ခံစားရပြီး ၆ လအတွင်းမှာ ဂိုးသမားတစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ အမြင်တွေ၊ ဘလက်ဘန်းတုန်းက ကစားခဲ့တဲ့ပုံစံကို ဘရန့်တ်ဖို့ဒ်မှာ ကစားခဲ့တဲ့ပုံစံအတိုင်း ပြောင်းလဲနိုင်ခဲ့တယ်။ သူက ဂိုးဖမ်းတာနဲ့ပတ်သက်ပြီး မတူညီတဲ့ ရှုထောင့်ကနေ မြင်နိုင်အောင် ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ပထမဆုံးသောသူပါ။ ကျွန်တော် အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရေးလုပ်ဖို့နဲ့ ဂိုးနည်းပြနဲ့ ပြန်လည်ဆုံစည်းဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒီအစုအဖွဲ့က ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း တွန်းအားပေးပြီး အတူတူ အမြဲတမ်းရှိသွားမယ့် အစုအဖွဲ့ပါ။ ကျွန်တော့်အမြင်မှာတော့ ဒါက အားကောင်းတဲ့အစုအဖွဲ့ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အသင်းဖော်သစ်တွေနဲ့ တွေ့ဆုံသွားဖို့ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ စိန်ခေါ်မှုတွေထဲက တစ်ခုက အသင်းရဲ့ ကစားဟန်နဲ့ ကစားကွက်ကို အသားကျအောင်လုပ်ဖို့နဲ့ စစချင်းမှာပဲ ကစားသမားတွေနဲ့ နားလည်မှုရအောင် သူတို့အကြောင်းသိထားဖို့ပါ။ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို သိထားခြင်းအားဖြင့် ကျွန်တော့်ကို မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ရောက်ရှိနေမှာဖြစ်ပြီး ချက်ချင်း အံဝင်သွားလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet