မနှစ်က သင်ခန်းစာတွေနဲ့ အကောင်းဆုံး ရှေ့ဆက်သွားမယ်ဆိုတဲ့ ရမ်စ်ဒဲလ်နဲ့ သီးသန့်အင်တာဗျူး
အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့အတွက် မနှစ်ရာသီကတည်းက အဓိကပစ်မှတ်ထားခဲ့တာဖြစ်ပြီး အခြေအနေကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ အချိန်တခုကြာ အဆင့် (၄) နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီကုန်ကာနီးမှာ ခြေချော်ခဲ့တာကြောင့် စပါးရဲ့ ကျော်တက်ချင်းကို ခံခဲ့ရကာ စိတ်ပျက်စရာတွေကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ။
ဒီနှစ်ရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်ကို ရာသီကုန်ဆုံးဖို့ (၁၀) ပွဲခန့်အလိုလောက်မှာပဲ ပြည့်လုသလောက်နီးပါး ရှိနေပြီး အပိုဆုအဖြစ် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်ပါ အပြိုင်ယှဉ်လုနေနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။
ဒုတိယနေရာက မိုးပြာရောင်တွေကို ရာသီသိမ်းကာနီး (၁၀) ပွဲခန့်အလိုမှာ (၈) မှတ်ဖြတ်ထားပြီး ဦးဆောင်နေနိုင်တာဟာ အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်ဖို့ရာ မျှော်လင့်ချက်ကောင်းတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း မနှစ်က ရာသီသိမ်းကာလလို မဖြစ်စေဖို့အတွက်လည်း ဂန်းနားတို့ ဂရုစိုက်ရမှာပါ။
အဲဒီအတွက် ရမ်စ်ဒဲလ်က ယုံကြည်ချက်ရှိနေပြီး သူတို့မှာ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေ ရထားပြီးပြီလို့ ပြောတယ်။ ” မနှစ်က ရာသီသိမ်းကာလမှာ ကျွန်တော်တို့တွေ ကြောက်စိတ်ဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီကနေ သင်ယူနိုင်ခဲ့ပြီလို့ပဲ ကျွန်တော် ထင်ပါတယ်။ အခုချိန်မှာ ပိုကောင်းလာစေဖို့အတွက် ကျွန်တော်တို့တွေ ဘာလုပ်ရမလဲဆိုတာ သိထားပါပြီ။ ”
” ဒီလိုပြောလို့ ဒါမျိုး ပြန်မဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဓိကအားဖြင့် ကျွန်တော်တို့ဟာ အသင်းအတွက် ဘာလိုအပ်တယ်၊ ဘယ်လိုကစားရမလဲ၊ ကိုယ့်ကိုကိုယ် ဘယ်လို စီမံရမလဲဆိုတာ သိထားပါတယ်။ မနှစ်တုန်းက ကျွန်တော်တို့ဟာ ထိပ်ဆုံး (၄) သင်းနဲ့လွဲခဲ့တဲ့ လူငယ်အသင်း ဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ အဲဒီအချိန်က စပါးအသင်းထက် ပိုမိုပြင်းထန်တဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်နေရပါပြီ။ ဒါကြောင့် တပွဲချင်း သင်ယူနေတာပါ။ ဒီနှစ်ရဲ့ တိုးတက်မှုတွေဟာ နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ ဝန်ထမ်းတွေကြောင့်လည်း ပါသလို မနှစ်က ကျဆုံးမှုတွေကြောင့်လည်း ပါပါတယ်။ ”
ပြင်းထန်ပြီး ကွာခြားချက် သိပ်မရှိသေးတဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ အာဆင်နယ်ဟာ အဓိကပြိုင်ဘက် မန်စီးတီးနဲ့လည်း ကစားရဖို့ ရှိနေပါတယ်။ ပပ် ဂွာဒီယိုလာရဲ့အသင်းဟာ ဒါကို အခွင့်ကောင်းယူပြီး ဂန်းနားလူငယ်တွေကို အပြင်းထန်ဆုံး ဖိအားပေးသွားဖို့ ချောင်းနေမှာပါပဲ။
ဒါနဲ့ပတ်သက်လို့လည်း ရမ်စ်ဒဲလ်က ” ဘောလုံးသမားတဦးအနေနဲ့တော့ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ သိထားပါတယ်။ စီးတီးသာ နိုင်သွားမယ်ဆိုရင် အမှတ်ကွာခြားချက်က (၂) မှတ် (သို့မဟုတ်) (၅) မှတ်လောက်ပဲ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းသားတွေရဲ့ ခံစားချက်ကို ပြောပြရမယ်ဆိုရင် အထူးသဖြင့် ကျွန်တော်ပေါ့။ ဒီအခြေအနေကို ကြိုက်နှစ်သက်ပြီး ပျော်ရွှင်နေပါတယ်။ ”
” ကိုယ့်အပေါင်းအသင်းတွေနဲ့ ထပ်ကစားရသလိုပဲပေါ့။ နိုင်ပွဲရမယ်လို့တော့ ခံစားရတယ်။ ဒါပေမယ့် သေချာပေါက်ရယ်လို့ တွက်မထားရဘူး။ ရုတ်တရက်ဆိုသလိုပဲ ကိုယ့်အသင်းက (၂) ဂိုးပြတ်၊ (၃) ဂိုးပြတ်နဲ့ ဦးဆောင်သွားတယ်။ ပွဲကို ထိန်းချုပ်ထားနိုင်တယ်။ တကယ့်ခံစားချက်ကောင်းပါပဲ။ ” လို့ ဆိုပါတယ်။
ဂါဘရီယဲလ် ဂျေးဇုနဲ့ ဇင်ချင်ကိုတို့ ရောက်ရှိလာမှုက ဒီနှစ်ရာသီမှာ အာဆင်နယ်ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေပြီး ရာသီဝက်ကာလမှာ ဂျော်ဂျင်ညိုလို ကစားသမားမျိုး ရောက်လာတာကလည်း လူငယ်တွေအတွက် အတွေ့အကြုံကောင်းတွေ ယူဆောင်ပေးလာနိုင်တယ်လို့ ရမ်စ်ဒဲလ်က ယုံကြည်နေတယ်။
” ဂျေးဇူနဲ့ ဇင်ချင်ကိုတို့ကို ထပ်ပေါင်းထည့်လိုက်နိုင်မှုက အသင်းအတွက် အများကြီး အကျိုးဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ အဲဒီမှာ အများကြီး လုပ်ပြထားခဲ့ကြသူတွေပါ။ ကမ္ဘာ့ဖလားနဲ့ ပရီးမီးယားလိဂ်ကလွဲလို့ ဖလားပေါင်းများစွာ ရယူထားနိုင်တဲ့ ဂျော်ဂျင်ညိုလို ကစားသမားမျိုး ရောက်လာတာကလည်း အရမ်းကောင်းပါတယ်။ ”
” ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ ဆာကာ၊ မာတင်နယ်လီနဲ့ အော်ဒီဂွါဒ်တို့လို အရည်အသွေးမြင့် လူငယ်တွေ ရှိထားပြီးသားပါ။ အော်ဒီဂွါဒ်ဆိုရင် ပရီးမီးယားလိဂ်နဲ့ တနှစ်ထက်တနှစ် အသားကျလာတယ်။ ပိုမိုပါးနပ်လာတယ်။ နိုင်ငံနဲ့ ကလပ်အသင်းကို ဦးဆောင်နေနိုင်တဲ့ အသင်းခေါင်းဆောင် ဖြစ်တယ်။ ဆိုတော့ အားလုံးမှာ ကိုယ့်ဇာတ်လမ်းလေးနဲ့ကိုယ် ရှိကြတယ်ပေါ့။ မနှစ်ကထက် ပိုကောင်းလာတယ်။ ပိုမို သန်မာလာတယ်။ တချိန်တည်းမှာလည်း အားလုံးဟာ အရမ်းကြိုးစားကြပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်စိုက်ပျိုးတာကို ကိုယ်ရိတ်သိမ်းနေရတာပါ။ ”
နည်းပြ အာတေတာရဲ့ စွမ်းဆောင်မှုနဲ့ အရည်အသွေးတွေကိုလည်း ရမ်စ်ဒဲလ်က မေ့မထားပါဘူး။ စပိန်သားဟာ အသင်း နိုင်ပွဲရဖို့အတွက် အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်သူ ဖြစ်တယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ ကိုယ့်အိမ်ကွင်းလို ခံစားရစေဖို့အတွက် အမ်းမရိတ်ကွင်းက နာရီကြီးနဲ့ ပုံစံတူနာရီ ယူဆောင်လာခဲ့တာမျိုးကို ရမ်စ်ဒဲလ်တယောက် သဘောကျနေပါတယ်။
” သူ (နည်းပြ အာတေတာ) ဟာ အလွန့်အလွန်ကို အပြင်းအထန် ကြိုးစားသူ ဖြစ်ပါတယ်။ သူဟာ ဘောလုံးကို ချစ်တယ်။ အာဆင်နယ်ကို ချစ်တယ်။ လူငယ်တွေကို တန်ဖိုးထားတယ်။ တကယ်ကို တော်တဲ့သူပါပဲ။ ဒီလိုအရာမျိုးတွေနဲ့ ကျွန်တော်တို့ ရှေ့ဆက်နိုင်အောင်လည်း သူ ကြိုးစားပါတယ်။ ”
” အသင်းဟော်တယ်မှာ ကျွန်တော်တို့ ဂိမ်းလေးတွေ ကစားကြတယ်။ တခါတလေမှာ Dodgeball ကစားတယ်။ တခါတလေမှာတော့ တီဗီထက်က အစက်အပျောက်တွေနဲ့ ကစားရတယ်။ ဒါတွေက ကိုယ့်ရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ သွေးပူလေ့ကျင့်ခန်း မလုပ်မီမှာ သူက ကျွန်တော်တို့ကို ဒါတွေနဲ့ အမြဲထိတွေ့စေပါတယ်။ ကျွန်တော်တို့ အနားယူချိန်မှာတောင်မှ ဘောလုံးအတွက် အသက်ရှူပြီး ရှင်သန်နေစေချင်တာမျိုးပေါ့။ ”
” နာရီဆိုရင်လည်း တကယ်ကိုပဲ ဉာဏ်ကြီးလှတဲ့ စိတ်ကူးပါပဲ။ ဒါကြောင့်ပဲ အရာအားလုံး ဖြစ်ခဲ့တာရယ်တော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် သူ ဘာတွေလုပ်နေလဲဆိုတာ ကြည့်လိုက်ရင်ပဲ အဲဒီက ရလာတဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ ခံစားနေရပါတယ်။ ”
ရမ်စ်ဒဲလ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိက ဂိုးသမားအဖြစ် အသုံးတော် ခံနေသူ ဖြစ်တယ်။ အသက် (၂၄) နှစ်သားဟာ အချိန်တိုအတွင်းမှာ နည်းပြ အာတေတာရဲ့ အမာခံ ကစားသမားဖြစ်လာပြီး တိုးတက်မှုတွေကြောင့် ဒီနှစ်မှာဆိုရင် လန်ဒန်အကောင်းဆုံး ဂိုးသမားဆုကိုလည်း ရခဲ့တယ်။ ရှက်ဖီးလ်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့ပြီး (၂) နှစ်တာ ကာလအတွင်းမှာ သူကိုယ့်သူ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
” ကျွန်တော် ကိုယ့်ကိုကိုယ် တည်ဆောက်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ်။ အထူးသဖြင့် ကလပ်အသင်းပေါ့။ သူတို့ဟာ ကျွန်တော့်ကို ဥရောပအဆင့်၊ အမှတ်ပေးဖလားအဆင့်၊ ဆုဖလားတွေ သိမ်းပိုက်တဲ့အဆင့် အစရှိတာတွေနဲ့ တွန်းအားပေးခဲ့ပါတယ်။ ”
” ကျွန်တော်ကိုယ်တိုင် အသင်းမှာ အရေးပါတဲ့နေရာကနေ စွမ်းဆောင်ပေးနေနိုင်တယ်လို့ ယုံကြည်နေပါတယ်။ မကစားရချိန်မှာတောင်မှ အသင်းအတွက် ဘယ်လိုအကျိုးပြုနိုင်မလဲဆိုတာ တွေးထားမိပါတယ်။ အဆုံးသတ်တော့ မရောက်သေးပါဘူး။ အဲဒီကိုရောက်ဖို့က ကြမ်းတမ်းတဲ့ ခရီးလမ်း ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော် ပါဝင်ခွင့်ရနေတာကို ဝမ်းသာမိပါတယ်။ ”
Ref : Standard Sport
- Posted In:
- Exclusive Interview