နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ mgsaw

နာရီနဲ့အတူ အောင်ပွဲခံမှုနဲ့ (၅) ဆင့် စီမံကိန်း ခရီးပေါက်မှုအကြောင်း ပြောလာတဲ့ နည်းပြ အာတေတာ

ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ဂန်းနားတွေဟာ အဝတ်လဲခန်းအတွင်းမှာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းထဲ ချိတ်ဆွဲထားတဲ့ ပုံစံတူနာရီနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

ဂန်းနားတွေဟာ အဆိုပါနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို (၅) မှတ် ဆက်ဖြတ်ထားနိုင်ဆဲဖြစ်ပြီး အားလုံးရဲ့မျက်နှာပေါ်မှာ အပြုံးတွေ ဆက်လက်ဆင်မြန်းခဲ့ပါတယ်။

အဲဒီနောက်မှာ လက်တံတွေက (၂) နဲ့ (၁၁) နေရာမှာ ပြဆိုထားတဲ့ နာရီနဲ့ပတ်သက်လို့ နည်းပြ အာတေတာက ESPN နဲ့ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖွင့်ဟလာခဲ့တာ ဖြစ်ပြီး ထွေထွေထူးထူးတော့ မဟုတ်ဘဲ သူနဲ့ အသင်းသားတွေကြား သီးသန့်လျှို့ဝှက်ချက်လေးတခု ရှိလို့ဖြစ်ကြောင်း ဆိုပါတယ်။

” လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက အသင်း ရောက်နေတဲ့နေရာနဲ့ ကျွန်တော်တို့အသင်း ဘယ်လိုရပ်တည်သွားဖို့ လိုအပ်သလဲဆိုတာနဲ့ပတ်သက်လို့ တခုခုပေါ့။ အဝတ်လဲခန်းအတွင်းက လျှို့ဝှက်ချက်လေးတခုပါ။ ကျွန်တော်တို့ကလပ်အသင်းရဲ့ သမိုင်းကြောင်းနဲ့ သက်ဆိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ ”

” ကျွန်တော်တို့ ဒါကို သတိရှိနေရပါမယ်။ ဒီလိုသမိုင်းကြောင်းမျိုး ရှိနေရင် အဲဒါကို မှန်ကန်စွာ အသုံးချနိုင်ရပါမယ်။ ဒါဟာ အရမ်းကိုအားကြီးတဲ့ အရာတခု ဖြစ်လို့ပါပဲ။ လက်တွေ့မှာလည်း ပွဲတိုင်းက အရေးကြီးနေပြီလေ။ တသင်းနဲ့တသင်းကြား ခြားနားချက်က အရမ်းနည်းတယ်။ ကျွန်တော်တို့အနေနဲ့ ဒီရာသီကို ကောင်းမွန်စွာ ပိတ်သိမ်းနိုင်ဖို့အတွက် ရာသီကုန်အထိ အံ့မခန်း ကစားနိုင်မှ ရပါလိမ့်မယ်။ ”

ဆက်လက်ပြီးလည်း နည်းပြ အာတေတာက အာဆင်နယ်အတွက် သူ့ရဲ့ (၅) ဆင့် စီမံကိန်းဟာ (၃) ဆင့်‌မြောက် ရောက်လာခဲ့ပြီ‌ဖြစ်ကြောင်းကို ” (၃) ဆင့်မြောက်ဆိုတာကလည်း အချိန်ကာလတခုပါပဲ။ ကျွန်တော်တို့ဟာ မျှော်မှန်းထားတာထက် အနည်းငယ် ပိုရှေ့ရောက်နေတယ်လို့ပဲ ပြောရမှာပေါ့။” လို့ မှတ်ချက်ပေးပါတယ်။

နည်းပြ အာတေတာရဲ့ ပထမအဆင့်နဲ့ ဒုတိယအဆင့်တွေကတော့ အများသူဌာ လက်ခံလာအောင် ကြိုးစားရခြင်းပါပဲ။ ကလပ်အသင်းရဲ့ အဆင့်တိုင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ရပြီး ဝန်ထမ်းတွေရော ကစားသမားတွေရော ပါဝင်ခဲ့တယ်။

ကစားသမားတွေထဲမှာဆိုရင် အော်ဘာမီယန်း၊ အိုဇေးလ်တို့လို ကစားသမားတွေကို စာချုပ်ဖျက်သိမ်းလိုက်တဲ့အထိ စွန့်စားခဲ့ပြီး မှန်ကန်တဲ့ လူအင်အားဖြည့်တင်းမှု၊ အကယ်ဒမီကြယ်ပွင့်တွေနဲ့ လူငယ်တွေကို နေရာပေးမှုနဲ့အတူ နည်းပြ အာတေတာ လိုချင်တဲ့ လူစာရင်း ရတဲ့အထိ တည်ဆောက်နိုင်ခဲ့ပါတယ်။

သူ့စီမံကိန်းရဲ့ အဆုံးသတ်ဖြစ်တဲ့ (၅) ဆင့်မြောက်က ဘာဖြစ်မလဲဆိုတာကိုလည်း နည်းပြ အာတေတာက ” ကျွန်တော်သာ ဒီနေရာကို အမှန်တကယ် ရောက်နေပြီဆိုရင် ကျွန်တော်တို့ အများကြီးလုပ်ပြနိုင်ခဲ့ပြီးပြီလို့ ဆိုလိုတာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ တနေ့ချင်းစီပဲ ဖြတ်သန်းပါတယ်။ ”

” မန်နေဂျာတယောက်ဖြစ်နေရင် ဒီအတိုင်းလုပ်ရုံကလွဲပြီး အခြားမရှိပါဘူး။ ဆုံးဖြတ်ချက်များစွာ ချမှတ်ရမယ်။ နေ့စဉ်နေ့တိုင်းမှာ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရမယ်။ အဲဒါတွေအတွက် အာရုံစိုက်ရပါမယ်။ အမှားခံလို့ မရပါဘူး။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင်တော့ ရှင်းပါတယ်။ ”

” ကျွန်တော် ဘာလုပ်ချင်သလဲဆိုတာကို ကျွန်တော် သိတယ်။ လတိုင်းလတိုင်းမှာ ကလပ်အသင်းကို ဘယ်အဆင့်ဆီ ရောက်စေချင်တာလဲဆိုတာလည်း သတ်မှတ်ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကလပ်အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့် နည်းလမ်းတွေကို နေ့တ‌နေ့တာအတွင်းမှာပဲ ဆုံးဖြတ်ရွေးချယ်ရင်း ရှေ့ဆက်ရတာပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

နည်းပြ အာတေတာရဲ့ စီမံကိန်း (၅) ဆင့်မြောက်ကတော့ ခေတ်တခေတ်ကို လွှမ်းမိုးနိုင်မယ့် မျိုးဆက်တခု တည်ဆောက်ခြင်းပါပဲ။

Ref : ESPN