မန်စီးတီးက သာနေပေမယ့်လည်း အာဆင်နယ်ကိုသာ ချန်ပီယံ ဖြစ်စေချင်တယ်ဆိုတဲ့ ရွန်နီ
ရာသီကုန် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားလုပွဲမှာ မန်စီးတီးအသင်းဟာ လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့ အာဆင်နယ်အသင်းထက် အတွေ့အကြုံအားအရရော၊ လူအင်အားအရရော ပိုမိုသာလွန်နေပေမယ့်လည်း ဂန်းနားတွေကိုသာ ချန်ပီယံဆုဖလား ကိုင်မြှောက်စေချင်တယ်လို့ မန်ယူဂန္ထဝင်ကစားသမား ဝိန်း ရွန်နီက မှတ်ချက်ပြုလိုက်ပါတယ်။
နည်းပြ အာတေတာနဲ့ ဂန်းနားလူငယ်တွေဟာ ပရီးမီးယားလိဂ်ရာသီ ကုန်ဆုံးဖို့ (၁၀) ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားက ရမှတ် (၈) မှတ် ဖြတ်ထားနိုင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ချန်ပီယံလုပွဲမှာ အသာစီး ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီတုန်းက ဒီလိုအချိန်မှာ အဓိကရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် အဆုံးသတ်ပွဲစဉ်တွေမှာ ခြေချော်ခဲ့ပြီး အဆင် (၅) နဲ့သာ ကျေနပ်ခဲ့ရတဲ့ အဖြစ်အပျက်မျိုးကလည်း လောလောလတ်လတ် ရှိထားတဲ့အတွက် ဂန်းနားတွေအတွက် စိတ်မအေးနိုင်သေးပါဘူး။
ရွန်နီကတော့ မန်စီးတီးအသင်းဟာ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းကို ကျော်ဖြတ်သွားနိုင်တဲ့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတာ မှန်ပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ (၁၉) နှစ်ကြာ ဝေးကွာနေတဲ့ အသင်းကို ချန်ပီယံရနံ့တွေ ပြန်လည်ခံစားခွင့် ရစေချင်တယ်လို့ ဆိုပါတယ်။
” အခြေအနေတွေကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ ဒီလိုအခြေအနေမျိုးမှာ မရပ်တည်နိုင်ခဲ့တာ ကြာပြီလေ။ ဆိုတော့ လက်ကျန်ပွဲစဉ်တွေမှာ သူတို့အတွက် ဖိအားကြီးကြီးမားမား ရှိနေတာ အမှန်ပါပဲ။ ” လို့ ရွန်နီက CNN နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
” ဒီလိုဖိအားမျိုးတွေကို ရာသီကုန်ဆုံးဖို့ (၇) ပွဲ၊ (၈) ပွဲလောက်သာ ကျန်တော့တဲ့အချိန်မျိုးမှာ ပိုမိုခံစားရတတ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီဖိအားတွေကနေ လွန်မြောက်နိုင်ပါ့မလားဆိုတာလည်း ကျွန်တော့်အနေနဲ့ စိတ်ဝင်စားမိပါတယ်။ ဒီရာသီမှာ သူတို့ လုပ်နိုင်ခဲ့သမျှကို ကောင်းကောင်း အဆုံးသတ်နိုင်ဖို့ လိုအပ်နေပါတယ်။ ”
ရွန်နီက ” ကျွန်တော့်အမြင်မှာတော့ မန်စီးတီးအသင်းက အမီလိုက်ကောင်း လိုက်သွားနိုင်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့နှစ်တွေမှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလေ။ အရမ်းအတွေ့အကြုံများတဲ့ နည်းပြကောင်းတဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ”
” ဒီလိုအခြေအနေမှာ အာဆင်နယ်အသင်းက သူတို့အနေအထားကိုပဲ အကောင်းဆုံး ဆက်ထိန်းသွားနိုင်မလား … မန်စီးတီးအသင်းနဲ့ ဂွာဒီယိုလာတို့ကပဲ သူတို့ အတွေ့အကြုံတွေကို အသုံးချသွားနိုင်မလားဆိုတာကပဲ အဖြေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးအသင်း အမီလိုက်နိုင်လိမ့်မယ် ထင်ပါတယ်။ ”
” ကျွန်တော့်ရဲ့ မန်ယူကတော့ ဖြစ်နိုင်ခြေ မရှိတော့ပါဘူး။ သင်္ချာနည်းအရ မျှော်လင့်ချက်ရှိပေမယ့် လက်တွေ့မှာတော့ လုံးဝမဖြစ်နိုင်သလောက်နီးပါးပါပဲ။ ကျွန်တော့် ဆန္ဒကတော့ မန်စီးတီးနဲ့ အာဆင်နယ် နှစ်သင်းမှာ ဘယ်သူ့ကို ချန်ပီယံ ဖြစ်စေချင်သလဲဆိုရင်တော့ အာဆင်နယ်ပဲ ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
Ref : CNN
- Posted In:
- Critics' Talk