ဘုန်းမောက်ရဲ့အဖွင့်ဂိုးဟာ ခွင့်မပြုသင့်ဘူးလို့ ဒိုင်လူကြီးဟောင်း သုံးသပ်
အာဆင်နယ်အသင်းဘက်ကို ပွဲချိန် (၉) စက္ကန့်မှာတင် သွင်းယူခဲ့တဲ့ ဖီးလစ် ဘေလင်းရဲ့ သွင်းဂိုးမှာ ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဂရေဟမ်ပူးလ်က သုံးသပ်ပါတယ်။
စပေးဘောမတိုင်မီမှာတင် ဘုန်းမောက်ရဲ့ ကစားသမားတွေဟာ အာဆင်နယ်အသင်းရဲ့ ကွင်းဘက်ခြမ်းထဲ ဝင်ရောက်နေရာယူနေတာကို ဒိုင်တွေက လစ်လျူရှူခဲ့ကြတာဖြစ်တယ်လို့ ဂရေဟမ်ပူးလ်က ဆိုထားပါတယ်။
ဒါကို ဗီဒီယိုအနှေးပြကွက်တွေအရပင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VAR အဖွဲ့က ဘာကြောင့် သတိမပြုမိသလည်း ဆိုတာကတော့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်ခဲ့ပါတယ်။
ဂရေဟမ်ပူးလ်ကတော့ ဒီဂိုးဟာ VAR ပြန်ကြည့်အပြီး သေချာပေါက် ပြန်လည်ပယ်ဖျက်ရမယ့် သွင်းဂိုးတဂိုးဖြစ်ပြီး စပေးဘောကို ပြန်ကန်ခိုင်းခြင်းကသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အာဆင်နယ်အသင်း နစ်နာခဲ့ရကြောင်း ဆိုပါတယ်။
ကွင်းလယ်ဒိုင် ခရစ္စကာဗာနာ့ခ်ျနဲ့ VAR ဒိုင် ဂျွန်ဘရွတ်စ်တို့ဟာ အဆိုပါအဖြစ်အပျက်မှာ ဆိုးဆိုးရွားရွား မှားယွင်းခဲ့ကြတဲ့အပြင် ပွဲချိန်တလျှောက်လုံးမှာလည်း ဘုန်းမောက်အသင်းရဲ့ လက်ထိဘောတွေကို မမြင်ချင်ယောင် ဆောင်ပေးခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ အံ့မခန်း ပြန်လာနိုင်စွမ်းနဲ့အတူ အနိုင်သုံးမှတ်ကို ရှာဖွေနိုင်ခဲ့ပြီး ပါတေး၊ ဘန်ဝှိုက်၊ ရီးစ် နယ်လ်ဆင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ချန်ပီယံခရီးလမ်းမှာ အမှားအယွင်းမရှိ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
Ref : London World
- Posted In:
- Critics' Talk