ဆာကာကို လစာပုံပေးပေမယ့် အိုဇေးလ်၊ အော်ဘာမီယန်းတို့လို ပျက်မသွားနိုင်ဘူးလို့ အခိုင်အမာ ယုံကြည်နေတဲ့ လော်ရာ ဝုဒ်
ဂန်းနားတို့ရဲ့ကြယ်ပွင့်လေး ဘူကာရို ဆာကာဟာ မကြာမီမှာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးတော့မှာပဲ ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေ ကာလရှည်ပြုလုပ်ခဲ့ပြီးနောက်မှာ ဂန်းနားတွေဟာ အင်္ဂလန်သားလေးကို လစာငွေ လေးဆအထိ တိုးမြှင့်ပေးကာ အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမား ဖြစ်စေပြီး (၅) နှစ်စာချုပ်သွားတော့မှာပါ။
သတင်းတွေအရ ဆာကာရဲ့ အခြေခံလစာဟာ တပတ်လုပ်ခ ပေါင် (၂) သိန်း ဖြစ်ပေမယ့် အပိုဆုကြေးတွေနဲ့ပေါင်းရင် တပတ်ကို ပေါင် (၃) သိန်းအထိ ရသွားနိုင်တယ်လို့ သိရပါတယ်။
အတိတ်နေ့ရက်တွေတုန်းက အိုဇေးလ်၊ အော်ဘာမီယန်းတို့ကို အာဆင်နယ်အသင်း ဒီလို လစာငွေပုံပေးကာ စာချုပ်ခဲ့ဖူးပြီးနောက်ပိုင်းမှာ အသင်းအတွက် ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ဖူးတဲ့အတွက် ဆာကာရဲ့ စာချုပ်နဲ့ပတ်သက်လို့ ပရိသတ်အချို့က စိုးရိမ်နေကြပါတယ်။
ဒါပေမယ့်လည်း လော်ရာ ဝုဒ်ကတော့ ” ဆာကာဟာ အခုမှပဲ ခြေစွမ်းထပြတဲ့သူ မဟုတ်ပါဘူး။ တရာသီလုံးမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက်ပြလာခဲ့တာပါ။ ဆိုတော့ သူဟာ ဒီစာချုပ်နဲ့ ထိုက်တန်ပါတယ်။ တချို့ကလည်း အသက် (၂၁) နှစ်သားလေးကို ဒီလိုငွေကြေး အမြောက်အများပေးခဲ့တာနဲ့ပတ်သက်ပြီး အာဆင်နယ်ရဲ့ အတိတ်နေ့ရက်တွေကြောင့် စိုးရိမ်နေကြတယ်။ ”
” အော်ဘာမီယန်နဲ့ အိုဇေးလ်တို့တုန်းကလည်း တပတ် ပေါင် (၃) သိန်းခွဲအထိ တိုးမြှင့်ပေးပြီးမှ အဆင်မပြေခဲ့တာတွေ ရှိတာကိုး။ ဒါပေမယ့် သူတို့နှစ်ဦးနဲ့ ဆာကာက မတူပါဘူး။ သူတို့နှစ်ဦးရဲ့ ကိစ္စဟာ ပုံရိပ်မြင့်မားမှုကြောင့် ဖြစ်ခဲ့ရတာတွေပါ။ ဆာကာကတော့ သူတို့နဲ့မတူညီတဲ့ ခံယူချက်၊ မတူညီတဲ့ စရိုက်လက္ခဏာတွေနဲ့ ကစားသမား ဖြစ်ပါတယ်။ ”
” တကယ်ကိုပဲ ဒူပေတာပေ ခံနိုင်တဲ့လူငယ်လေးလည်း ဖြစ်ပါတယ်။ ယူရိုမှာ ပယ်နယ်တီလွဲပြီးနောက်ပိုင်း သူ့ကိုယ်သူ အကောင်းဆုံး တည်ဆောက်ပြခဲ့သူ ဖြစ်တယ်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့သူ ဖြစ်တယ်။ ငွေကများတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒါဟာ ဘောလုံးပဲလေ။ သူ့ကိုသာ ဒီလိုမပေးရင် အာဆင်နယ်မှာ ဆက်ရှိဖို့ကလည်း ခက်မှာကိုး။ ” ဆိုပြီး ပြောကြားခဲ့တာပါ။
Ref : Mirror
- Posted In:
- Critics' Talk