အိုဇေးလ်နောက်ပိုင်း အကြီးမားဆုံးအပြောင်းအရွှေ့ကို ပြုလုပ်မယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က မီဆွတ် အိုဇေးလ်နောက်ပိုင်း အကြီးမားဆုံး ကစားသမားခေါ်ယူမှုကို ပြုလုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး သတင်းတွေအရ ဒီကလန် ရိုက်စ်ရဲ့ အပြောင်းအရွှေ့ဟာ အပြီးသတ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
အိုဇေးလ် ရောက်ရှိလာမှုက အာဆင်နယ်မှာ အာဆင်ဝင်းဂါးလက်ထက် အကြီးမားဆုံး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းက ဂျာမန်ကွင်းလယ်လူဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးတာကြောင့် ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဝင်ရောက်နေပြီဖြစ်ပါတယ်။
အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အိုဇေးလ်နဲ့ သဘောတူညီမှုကို အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ကြေညာခဲ့တဲ့ Sky Sports News က ဓာတ်ပုံကို အာဆင်နယ်ပရိသတ်တွေ မေ့လို့ရဦးမှာမဟုတ်ဘဲ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေကြားမှာ ၁၉၉၅ ခုနှစ်တုန်းက ဒန်းနစ် ဘားကမ့် ရောက်ရှိလာချိန်နောက်ပိုင်း ကစားသမား ခေါ်ယူမှုနဲ့ပတ်သက်ပြီး မြင့်မားတဲ့ စိတ်လှုပ်ရှားမှုကို မမြင်တွေ့ခဲ့ရတော့တာဖြစ်ပေမယ့်လည်း ရိုက်စ်သာ အမ်းမရိတ်စ်ကို အမှန်တကယ် ပြောင်းရွှေ့လာမယ်ဆိုရင် လမ်းမတွေပေါ်မှာတောင် ပါတီပွဲတွေ မြင်တွေ့ရနိုင်ပါတယ်။
အာဆင်နယ်ဟာ လပေါင်းများစွာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပြီး ချဲလ်ဆီးနဲ့ မန်ယူနိုက်တက်တို့က ကာလရှည် နှစ်သက်ခဲ့ပေမယ့်လည်း ဂန်းနားတွေက အနိုင်ရသွားတော့မှာ ဖြစ်ပါတယ်။ ဂျာမနီသတင်းဌာန Ran ရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းအသင်းဥက္ကဌ ဒေးဗစ် ဆူလီဗန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဒီကလန် ရိုက်စ်ရဲ့ သဘောတူညီမှုဟာ ပြီးဆုံးသွားခဲ့တာ အချိန်တစ်ခုလောက် ရှိနေပြီလို့ ပြောကြားခဲ့ကောင်း သိရပါတယ်။
ဒီကလန် ရိုက်စ်ဟာ ဒီနွေရာသီမှာ ဝက်စ်ဟမ်းအသင်းကို စွန့်ခွာမယ်ဆိုရင် အာဆင်နယ်အသင်းကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အိုဇေးလ်တုန်းကအတိုင်းပဲ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကလည်း အခုအချိန်မှာ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီကလန် ရိုက်စ်ဟာ ပရီးမီးယားလိဂ် အတွေ့အကြုံတွေ၊ အဆင့်သစ်တစ်ခုကို ရောက်ရှိချင်တဲ့ စိတ်ဆန္ဒနဲ့အတူ ရောက်ရှိလာမှာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးထားခဲ့ရာမှာ ပြီးခဲ့တဲ့ ၄ ရာသီအတွင်း ၉ ပွဲသာ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အရည်အချင်းတွေ အများကြီးရှိတဲ့ အားထားရနိုင်တဲ့ ကစားသမားကို ခေါ်ယူသွားမှာဖြစ်ပြီး ဒီကလန် ရိုက်စ်ဟာ ဥရောပမှာ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း အသင်းခေါင်းဆောင် ဟာရီ ကိန်းပြီးတာနဲ့ ပထမဆုံး ချရေးခံရတဲ့ နာမည်တစ်ခုဖြစ်ပြီး ကျောနံပါတ် ၆ ဆိုတာထက်တောင် အများကြီး ပိုမိုတဲ့ ကစားသမား ဖြစ်ပါတယ်။ ရိုက်စ်ဟာ ခံစစ်ကို အဓိက တာဝန်ယူထားရပေမယ့်လည်း ဂိုးသွင်းချင်စိတ် အမြဲတမ်းရှိသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်းအတွက် သွင်းဂိုး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီကလန် ရိုက်စ်ကို ကွင်းလယ်အထိုင်နေရာမှာ ကစားပေးဖို့ လိုအပ်ပေမယ့်လည်း အာဆင်နယ်အသင်းမှာတော့ ကွင်းလယ်ကြယ်ပွင့်အတွက် အဲဒီနေရာအပြင် ကစားစရာနေရာတွေ ရှိနေတာဖြစ်ပါတယ်။ ရိုက်စ်ဟာ ဂန်းနားတွေအတွက် ပက်ထရစ် ဗီယာရာ လက်သစ် ဖြစ်လာနိုင်ပြီး ခံစစ်ကစားသမားတွေကို ဘယ်လို ကူညီရမလဲဆိုတာကို သိသလို ကွင်းလယ်ကနေ ဂိုးရှေ့အထိ ဦးဆောင်မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ အာတီတာလက်ထက် ဒီနေ့အချိန်အထိ အကြီးမားဆုံး ကစားသမားခေါ်ယူမှုဖြစ်လာတော့မယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ အချို့ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က အိုဇေးလ်ကို ခေါ်ယူနိုင်မှုထက် ပိုမိုကြီးမားတဲ့ ခေါ်ယူမှုမရှိဘူးလို့ ငြင်းချက်ထုတ်ကြဦးမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis