အမ်းမရိတ်စ်က ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ကန့်လန့်ကာဖွင့်မယ့် ဆင်ပျံကြီး 1024 576 coyg

အမ်းမရိတ်စ်က ရာသီအဖွင့်ကို နိုင်ပွဲနဲ့ ကန့်လန့်ကာဖွင့်မယ့် ဆင်ပျံကြီး

အာဆင်နယ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ဟာ စနေနေ့ ညနေ ၆ နာရီမှာ ၂၀၂၃-၂၀၂၄ ရာသီအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ယခုနွေရာသီခေါ်ယူမှုတွေဖြစ်တဲ့ ဒီကလန် ရိုက်၊ တင်းဘား၊ ခိုင် ဟာဗတ်ဇ်တို့နဲ့အတူ အင်အားပိုမိုတောင့်တင်းလာပြီး မန်စီးတီးကိုပါ အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ ကွန်မြူနတီဒိုင်းလုပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ စနေနေ့ပွဲစဉ်မှာလည်း နိုင်ပွဲနဲ့ ဖွင့်လှစ်ပြီး မန်ချက်စတာစီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် နောက်ထပ်တစ်ကြိမ် တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းချက်တွေရှိနေပြီး ရာသီအစမှာပဲ ဆင်ပျံကြီးတို့ နိုင်ပွဲနဲ့ ကန့်လန့်ကာဖွင့်သွားမှာဖြစ်ပါတယ်။

နှစ်ဖက်အသင်းသတင်းများ

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ နောက်ထပ် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်ဦးမှာဖြစ်ပြီး ဇန်နဝါရီလကတည်းက နားနေရတဲ့ မိုဟာမက် အယ်လ်နန်နီလည်း ဆက်လက်လွဲချော်ဦးမှာဖြစ်ပါတယ်။ ဇင်ချန်ကိုကတော့ Game4Ukraine ရန်ပုံငွေပွဲမှာ ခဏဝင်ကစားပေးခဲ့ပေမယ့် ကွန်မြူနတီဒိုင်းလုပွဲကို ရိစ် နယ်လ်ဆင်၊ လိုကွန်ဂါ၊ ဂျော်ဂျင်ညို၊ ဘာလိုဂန်တို့နဲ့အတူ လွဲချော်ခဲ့ပြီး ဒီအပတ်မှာ ပြန်ကစားပေးနိုင်မလားဆိုတာ သေချာမသိရသေးပါဘူး။ ဒါပေမယ့်လည်း တင်းဘားက ကွန်မြူနတီဒိုင်းလုပွဲမှာ ဘယ်နောက်ခံနေရာမှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာကြောင့် ဒီပွဲစဉ်အတွက် ပွဲထွက်ခွင့်နေရာ သေချာနေပြီး ထရော့ဆာ့ဒ်ကလည်း မန်စီးတီးနဲ့ပွဲမှာ အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် အန်ကီးတီးယားရဲ့ ပွဲထွက်ခွင့်နေရာကို ရယူသွားနိုင်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းဘက်မှာတော့ ဘရန်နန် ဂျွန်ဆင်က ဖရန့်ဖွတ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပြန်လည် ပါဝင်ကစားပေးခဲ့ပေမယ့် ကူးပါးက အဝိုယီနီရဲ့ ဒူးဒဏ်ရာက စနေနေ့ပွဲအမီ ပြန်ကောင်းလာနိုင်တဲ့အခွင့်အရေးမရှိဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ ဖိလစ်ပီလည်း ဝိန်း ဟန်နက်ဆီ(ဒူး)၊ အိုမာ ရစ်ချက်(ပေါင်ခြံ)တို့နဲ့အတူ လွဲချော်မှာဖြစ်ပြီး မူဆာ နီယာခိတ်ကလည်း ပုခုံးဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာပြီး လေ့ကျင့်ရေးဆင်းနိုင်ခဲ့ပေမယ့် ဒီပွဲမှာ မပါဝင်ဖို့ များပါတယ်။ အာဆင်နယ်ကနေ အသစ်ခေါ်ယူခဲ့တဲ့ ဂိုးသမား မတ်တန်နာကတော့ အသင်းဟောင်းနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးသွားဖွယ်ရှိပြီး နောက်ခံတောင်ပံကစားကွက်ကြောင့် အိုလာ အိုင်နာရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲကစားချိန်ရဖို့ အခွင့်အရေးက များပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်- အာရွန် ရမ်းစ်ဒေးလ်၊ ဘန် ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တင်းဘား၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ။

နော်တင်ဟမ်- တန်နာ၊ ဝေါ်ရဲလ်၊ ဘိုလီ၊ မက်ကန်နာ၊ အော်ရီယာ၊ ရိတ်စ်၊ ဒါနီလို၊ မန်ဂါလာ၊ အိုင်နာ၊ ဂစ်ဘ်စ်-ဝှိုက်၊ ဂျွန်ဆင်။

ပွဲကြိုသုံးသပ်ချက်

နော်တင်ဟမ်ဖောရက်စ်ရဲ့ တိုက်စစ်ကစားသမားအများစုဟာ ကြံ့ခိုင်မှုအပြည့်အဝ မရသေးတာကြောင့် အာဆင်နယ်အနေနဲ့ အမ်းမရိတ်စ်မှာ ကလင်းရှိနိုင်ပွဲကို ရယူပြီး ရာသီအဖွင့်ကို အကောင်းဆုံးပုံစံနဲ့ စတင်သင့်ပါတယ်။ ကွန်မြူနတီဒိုင်းအောင်ပွဲအပြီးကတည်းက အာဆင်နယ်ကစားသမားတွေရဲ့ စိတ်ဓာတ်က အကောင်းဆုံးပုံစံမှာရှိနေပြီးသားဖြစ်ပြီး တန်နာရဲ့ မြောက်လန်ဒန်တကျော့ပြန်ခရီးစဉ်ဟာ ပျော်စရာတော့ဖြစ်လာမှာမဟုတ်ဘဲ ဆင်ပျံကြီးရဲ့ ဂိုးပြတ်တီးတာကို ဖောရက်စ်တို့ ခံသွားရမှာဖြစ်ပါတယ်။

ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ နော်တင်ဟမ်ဖောရက်စ်)

ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ နော်တင်ဟမ်ဖောရက်စ်)

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၄-၀ နော်တင်ဟမ်ဖောရက်စ်)

Arsenal Myanmar

Ref: Internet