ဝိန်းရူနီရဲ့ မေဂျာလိဂ်ကြယ်စင်စုကို ချေမှုန်းခဲ့တဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ user

ဝိန်းရူနီရဲ့ မေဂျာလိဂ်ကြယ်စင်စုကို ချေမှုန်းခဲ့တဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်အသင်းဟာ ယူအက်စ်အေ ရာသီကြိုခရီးစဉ်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ဝိန်း ရူနီ ကိုင်တွယ်တဲ့ မေဂျာလိဂ်ကြယ်စင်စုအသင်းကို အကောင်းဆုံးပုံစံနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဂိုးသမားကို ကျော်ကန်ပြီး သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပြီး ထရော့ဆာ့ဒ်က ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ၅ မိနစ်တောင် အချိန်မယူခဲ့ဘဲ ပင်နယ်တီဧရိယာအစွန်ကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

အာတီတာက ဒုတိယပိုင်းမှာ ကားလ် ဟိန်း၊ ခိုင် ဟာဗတ်ဇ်၊ အော်ဒီဂွါဒ်တို့ကို ထည့်သွင်းခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ ပင်နယ်တီရရှိခဲ့ပြီး ဂျော်ဂျင်ညိုက အာဆင်နယ်အတွက် အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အာဆင်နယ်ပရိသတ်တွေစောင့်မျှော်နေတဲ့ အခိုက်အတန့်ရောက်ရှိလာပြီး အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်က ၆၅ မိနစ်မှာ လူစားဝင် ကစားပေးပြီး ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် မာတီနယ်လီက အော်ဒီဂွါဒ်ရဲ့ တိကျသေသပ်တဲ့ ပေးပို့မှုကို ရယူပြီး စတုတ္ထမြောက်ဂိုးကို ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူသွားပြီးနောက် ပွဲပြီးဆုံးခါနီးမှာ ခိုင် ဟာဗတ်ဇ်က ပဉ္စမမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ပြသခြင်းခံခဲ့ရတဲ့ တင်းဘား

အာတီတာဟာ အမေရိကားက ရာသီကြိုခရီးစဉ်မှာ ပြီးခဲ့တဲ့ရာသီမှာ အတွဲမိခဲ့တဲ့ ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့အတွဲကိုပဲ ပွဲထွက်ခွင့်ပေးဖို့ ရွေးချယ်ခဲ့ပြီး ပြင်သစ်နောက်ခံလူဟာ မကြာသေးမီကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ အိုင်းယက်ကနေ ပေါင်သန်း ၄၀ နဲ့ ပြောင်းလာတဲ့ တင်းဘားက အမေရိကားက ပွဲဦးထွက် ပွဲစဉ်မှာပဲ ဘာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဘန် ဝှိုက်က ပိတ်ဆို့ထားတဲ့ကြားက ထိုးဖောက်ဖို့ ကြိုးပမ်းနေတဲ့ မေဂျာလိဂ်ကြယ်စင်စုအသင်းကို ရပ်တန့်ဖို့ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် ၁၅ မိနစ်လောက်မှာ ဆာလီဘာဟာ မျှောထိုးပေးပို့လိုက်တဲ့ ဘောလုံးကို သက်တောင့်သက်သာ ဆယ်ယူပြီး မေဂျာလိဂ်ကြယ်စင်စု တိုက်စစ်ကစားသမားကို လှည့်ထွက်ပြခဲ့တာဖြစ်ပါတယ်။ လူစားဝင်ကစားသမား ဂျေးဇု ဖာရဲရားက ပထမပိုင်းမပြီးခင်မှာ ဆာလီဘာကို ဖြတ်ကျော်နိုင်ခဲ့ပေမယ့်လည်း ဂါဘရီယဲလ်က အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင်မှုကို ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ်။ တင်းဘားဟာ နောက်ဆုံးမှာတော့ ၆၄ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး ဘန် ဝှိုက်က ဗဟိုခံစစ်နေရာပြောင်းကစားခဲ့တာကို မြင်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်။

အရမ်းကောင်းတဲ့သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဂျေးဇု

ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် ဂိုးသွင်းခြေပျောက်ဆုံးနေခဲ့တဲ့ ဂါဘရီယဲလ် ဂျေးဇုအတွက်တော့ အာဆင်နယ်တိုက်စစ်ကို ဦးဆောင်ဖို့ ဘာကြောင့် သင့်တော်တဲ့သူလဲဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာက ညာတောင်ပံကနေ ချိုးဝင်လာပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျေးဇုက ဂိုးသမား ဘာကီကို ကျော်ပြီး ဂိုးအပေါ်ထောင့်ထဲကို ကျော်ကန်သွားခဲ့တာဖြစ်ပြီး မျက်လုံးထဲမြင်အောင်ပြောရရင် ၁၉၉၆-၁၉၉၇ ရာသီတုန်းက ဆန်းဒါးလန်းဘက်ကို ကန်တိုနာ ကန်သွင်းသွားခဲ့တဲ့အတိုင်းပဲ ဖြစ်ပါတယ်။

ထရော့ဆာ့ဒ်ရဲ့ အခန်းကဏ္ဍသစ်

ထရော့ဆာ့ဒ်ဟာ မာဒရစ်ခ်ကို မရလို့ ခေါ်ယူခဲ့ရတဲ့ကစားသမားဆိုပေမယ့်လည်း အာဆင်နယ်ကို ရောက်လာတဲ့အချိန်ကတည်းက ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းက တန်ရုံမက ကျော်တောင် ကျော်လွန်နေသေးတယ်ဆိုတာ ပြသခဲ့သူဖြစ်ပါတယ်။ မာတီနယ်လီ၊ ဆာကာ၊ အန်ကီးတီးယားတို့ မပါဝင်နိုင်တဲ့အချိန်တိုင်းမှာ ထရော့ဆာ့ဒ်က ဘယ်တောင်ပံမှာတောက်ပပြခဲ့ပြီး အနည်းငယ် နောက်ရောက်တဲ့ ကွင်းလယ်ဘယ်တောင်ပံနေရာမှာလည်း အသက် ၂၈ နှစ်အရွယ်ကစားသမားက အင်အားအပြည့်၊ ဇွဲနဘဲကြီးကြီးနဲ့ အချိန်တိုင်း ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်က အာဆင်နယ်ကွင်းဘက်ခြမ်းမှာ ဘန် ဝှိုက်ကို ဘောလုံးပေးပို့ရာကနေ အာဆင်နယ်ရဲ့ သွင်းဂိုးက စတင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ညာနောက်ခံလူက ဆာကာဆီကို ဘောလုံးပေးပို့ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်က ထရော့ဆာ့ဒ်ဆီကို ဘောလုံးပေးပို့ခဲ့ပြီး ပင်နယ်တီဧရိယာအစွန်ကနေ ဘယ်လ်ဂျီယမ်တောင်ပံကစားသမားက အားပါပြင်းထန်တဲ့ကန်ချက်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ ဂိုးသွင်းနိုင်တာနဲ့တင် ကျေနပ်မနေဘဲ နောက်ထပ် ၄ မိနစ်အကြာမှာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ခေါင်းပေါ်တည့်တည့်ကို ဖြတ်တင်ပေးပို့နိုင်ခဲ့ပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးက အဆုံးမသတ်နိုင်ခဲ့လို့သာဂိုးဖန်တီးမှု မရရှိခဲ့တာဖြစ်ပါတယ်။ ၅၆ မိနစ်မှာ ဒဏ်ရာရရှိသွားပုံပေါ်တဲ့ ထရော့ဆာ့ဒ်ကို အာတီတာက မာတီနယ်လီနဲ့ လူစားလဲလှယ်ခဲ့ပြီး ဘရိုက်တန်ကြယ်ပွင့်ဟောင်းက ပြန်ထလာပြီး ကွင်းထဲကနေ ကိုယ်တိုင်လမ်းလျှောက်ထွက်ခွာသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပြားဟောင်းကြီးဖြစ်လာမှာ စိုးရိမ်ရလား

အာဆင်နယ်ရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ အလွန်ဆင်တူတဲ့အခြေအနေကနေ ရရှိခဲ့တာဖြစ်ပြီး ညာတောင်ပံကနေ ဆာကာပေးပို့လိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအစွန်ကနေ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဆာကာဟာ ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်နေပုံပေါ်ပြီး ၎င်းရဲ့ ဟန်ချက်ညီမှုက အလွန်ထူးခြားပါတယ်။ ဆာကာဟာ သိပ်အားမစိုက်ရဘဲ ပြိုင်ဘက်တွေကို လိမ်ခေါက်နိုင်မှုနဲ့အတူ ပြေးနှုန်းကလည်း ကြောက်ခမန်းလိလိဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေဖန်ရမယ်ဆိုရင် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းအများဆုံးကစားသမားတွေအပေါ်မှာ အလွန်အမင်း မှီခိုလွန်းသလားဆိုရင် ဒီမေးခွန်းအတွက် အဖြေက စဉ်းစားစရာတောင်မလိုပါဘူး။ ဆာကာရဲ့နေရာမှာ ပထမပိုင်း ဟာဗတ်ဇ်က လူစားဝင်ကစားပေးခဲ့ပြီး အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းစတင်ပြီး တစ်မိနစ်အတွင်း ပင်နယ်တီ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုက ၎င်းရဲ့ စတိုင်အတိုင်း ပင်နယ်တီကို ကန်သွင်းသွားခဲ့ပေမယ့်လည်း ဒုတိယပိုင်း လက်ကျန်ပွဲကစားချိန်တလျှောက်လုံး တိုက်စစ်က ရုန်းကန်နေရတဲ့ လက္ခဏာတွေ ရှိခဲ့ပါတယ်။ ဆာကာ မပါဝင်မှုက တော်တော်လေး သိသာခဲ့တာတော့ အမှန်ပါပဲ။

မေဂျာလိဂ်ကြယ်စင်စုတွေရဲ့ စမ်းသပ်မှု

မေဂျာလိဂ်ကြယ်စင်စုအသင်းဟာ အရည်အသွေးပိုင်းအရ အလွန်ကောင်းမွန်တဲ့ ကစားသမား ၁၁ ဦးကို စုစည်းခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဟင်နရီ မူခတာ ပီဟူရတ်က သိသာထင်ရှားခဲ့ပေမယ့် ဘန်တီကီ ဘောလုံးထိန်းသိမ်းမှု မလွဲချော်ခဲ့ရင် ဂိုးရနိုင်ခြေရှိတဲ့ အခွင့်အရေးကောင်းကို ဆုံးရှုံးခဲ့ရတာက မေဂျာလိဂ်ကြယ်စင်စုတွေရဲ့ ခြေစွမ်းကို မြင်သာစေခဲ့တာဖြစ်ပါတယ်။ အနည်းဆုံးတော့ မေဂျာလိဂ်ကြယ်စင်စုအသင်းဟာ ဂန်းနားတွေကို ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဝိန်း ရူနီရဲ့အသင်းဟာ ပထမပိုင်းမှာတင် ၅ ဝါထိခဲ့သလို အာဆင်နယ်ကစားသမားတွေလည်း ဒဏ်ရာဒဏ်ချက်အနည်းငယ်ရခဲ့ကြပါတယ်။ အာဆင်နယ်က ၂-၀ နဲ့ ဦးဆောင်နေပေမယ့်လည်း မိနစ် ၃၀ ရေသောက်နားချိန်မှာ အာတီတာက ထုံးစံအတိုင်း စိတ်အားထက်သန်စွာနဲ့ ကစားသမားတွေကို တိုးတက်မှုတွေ ရှိလာအောင် အော်ဟစ်ညွှန်ကြားနေခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ဝင်ဝင်လာချင်းပဲ အသင်းဖော်တွေကို ချက်ချင်း ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ပြီး ပွဲဦးထွက်မှ ဟုတ်ရဲ့လားလို့တောင် ထင်ရစေခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်လူဟာ လွတ်သွားတဲ့ ဘောလုံးတွေကို ပြန်လည်စုစည်းပြီး အာဆင်နယ်အတွက်တော့ အမှောင်ယံကြီးစိုးတဲ့ အကာလ ညအခါ ပင်လယ်ပြင်ထဲက မီးပြတိုက်လိုမျိုးလို့တောင် တင်စားချင်ပါတယ်။ ဒီကလန် ရိုက်ဟာ အသင်းရဲ့ ထောင့်ကန်ဘောအလံတိုင်နားမှာ ခံစစ်ကစားရချိန်မှာတောင်မှ စိတ်လှုပ်ရှားခဲ့ခြင်းမရှိဘဲ ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ ဘောလုံးပြန်လည်ရယူနိုင်ခဲ့တယ်။ ပြိုင်ဘက်ကစားသမားတွေကို အေးအေးဆေးဆေး ဖြတ်ကျော်ပြီး ဂန်းနားတွေကို အန္တရာယ်တွင်းကနေ လွတ်မြောက်စေခဲ့ပါတယ်။ ပရိသတ်တွေက ဒီကလန် ရိုက်ကို ပင်နယ်တီဧရိယာအစွန်ကနေ ဂိုးကန်သွင်းမှု ပြုလုပ်ဖို့ တောင်းပန်ခဲ့ချိန်မှာ အင်္ဂလန်ကွင်းလယ်ကစားသမားက လစ်လျူရှုခဲ့ပါတယ်။ ရာသီကြို ခြေစမ်းပွဲစဉ်ဟာ ၅-၀ ထက် မကျော်လွန်သင့်ဘူးလို့ထင်လို့လား ဒါမှမဟုတ် ဘယ်လို စိတ်ကူးနေခဲ့လဲမသိပေမယ့် ဒီကလန် ရိုက်က အသက်အရွယ်နဲ့ မလိုက်တဲ့ ရင့်ကျက်မှုကို ပြသခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet