ဂန်းနားတွေကို အနိုင်ရခဲ့သင့်တာဆိုတဲ့ ကလော့ပ်နဲ့ ကမ္ဘာပေါ်က အပျော်ဆုံးလူသားလို့ ဝန်ခံခဲ့တဲ့ ဂွါဒီယိုလာ
လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က တနင်္ဂနွေနေ့ အန်းဖီးမှာ ၎င်းရဲ့အသင်းက ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၂-၂ နဲ့ သရေရလဒ်ရရှိအောင် ချေပဂိုးတွေ လိုက်သွင်းခဲ့တာ မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်အနေနဲ့ သရေ ၁ မှတ်ရတာကို ပိုပြီး ပျော်ရွှင်ခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာပဲ မာတီနယ်လီ၊ ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ပထမပိုင်းမပြီးခင်မှာပဲ ဆာလားရဲ့ ချေပဂိုးနဲ့ တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းအစောပိုင်းမှာ ဆာလား ပင်နယ်တီ လွဲချော်ခဲ့ပေမယ့်လည်း လီဗာပူးလ်အသင်းက ချေပဂိုးအတွက် ဆက်လက် တွန်းအားပေးခဲ့ပြီး နောက်ဆုံးမှာတော့ လူစားဝင်ကစားပေးခဲ့တဲ့ ဖာမီနိုက ၈၇ မိနစ်မှာ ခေါင်းတိုက်ပြီး ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ နောက်ကျ ဦးဆောင်ဂိုး ရရှိအောင် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီး ဆာလားနဲ့ ကိုနာတီတို့ နာကျင်အချိန်ပိုမှာ ကြီးမားတဲ့အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံးကို ရမ်းစ်ဒေးလ်က အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာဖြစ်ပါတယ်။
အန်းဖီးက ပွဲစဉ်အပြီးမှာ ကလော့ပ်က ၎င်းရဲ့အသင်းအနေနဲ့ ပွဲကစားချိန်အများစုကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း အနိုင်ရရှိခဲ့သင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဒီရာသီမှာ ကျွန်တော်တို့အတွက် နည်းနည်း ပုံမှန်ဖြစ်နေပါပြီ။ ပွင့်နေတဲ့ပွဲစဉ်၊ လုံးဝကို ပွင့်နေတယ်။ သူတို့တွေ ပထမဆုံး အခြေအနေမှာပဲ ဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကို သွင်းသွားခဲ့တယ်။ ကျွန်တော်တို့ တုံ့ပြန်မှုက ကောင်းခဲ့တယ်။ အဆုံးမှာတော့ ထူးခြားဆန်းကြယ်တဲ့ပွဲဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဒီလို နောက်ကျအခွင့်အရေးတွေနဲ့ ဘယ်လိုဖြစ်ပြီး အနိုင်မရခဲ့တာလဲ မသိပါဘူး။ ကျွန်တော် ပျော်တာနဲ့ မပျော်တာရဲ့ ကြားထဲမှာ ဖြစ်နေတယ်။ ကျွန်တော် သရေနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ အာဆင်နယ်က ကောင်းမွန်ခဲ့ပေမယ့် သူတို့တွေ ဒီပွဲကို ရှုံးသွားနိုင်ခဲ့တယ်။ ရှုံးခဲ့သင့်တယ်။ သူတို့အတွက် တစ်မှတ်က ပိုပြီးကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ပရီးမီးယားလိဂ်ဖလားတိုက်ပွဲအတွက် ဖိအားတွေရှိနေပေမယ့်လည်း ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးလူသားဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ စနေနေ့က ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အာဆင်နယ်က တနင်္ဂနွေနေ့မှာ လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့တာကြောင့် ၆ မှတ်သာ ကွာဟတော့တာဖြစ်ပေမယ့် ဂွါဒီယိုလာရဲ့အသင်းက တစ်ပွဲလျော့နေတာဖြစ်ပါတယ်။
နည်းပြအများအပြားက ရာသီရဲ့ဒီလိုအချိန်မှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေရတဲ့ ဖိအားတွေကို ကိုင်တွယ်ဖို့ ရုန်းကန်ရမှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက အဲဒါဟာ ၎င်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဖြစ်လာစေတယ်လို့ ဝန်ခံခဲ့ပါတယ်။
“ကျွန်တော် အကြိမ်ပေါင်းများစွာ ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ တစ်ပွဲရှုံးရင် ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ဆုံးရှုံးရမယ်။ စက်တင်ဘာ၊ အောက်တိုဘာမှာ အဲဒီခံစားချက်မျိုး ခင်ဗျား ရှိမှာမဟုတ်ဘူး။ ခင်ဗျားက အိုကေ ငါတို့တွေ ရမှတ်တွေလျော့ကျတယ်။ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်လို့ ပြောလိမ့်မယ်။ လီဗာပူးလ်က ရပ်တန့်လို့မရနိုင်ခဲ့သလို ရာသီမျိုး ခင်ဗျား ပိုင်ဆိုင်ခဲ့ရပြီးနောက် အခုဆိုရင် အာဆင်နယ်က ရပ်တန့်လို့ မရနိုင်ဘဲ ရမှတ်တွေအများကြီး ရယူနေတယ်။ အခု ကျွန်တော့်မှာ အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ ရှုံးရင် ဒါမှမဟုတ် ရမှတ်လျော့ကျရင် အခွင့်အရေးရှိတော့မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ကစားဖို့ ပွဲအများကြီး ကျန်သေးပြီး အရေးကြီးတာ ကျွန်တော်တို့ အသက်ရှိနေသေးတာပဲ။ ပြိုင်ပွဲ ၃ ခုစလုံးမှာပေါ့ ”
“ကျွန်တော် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ နေရာမှာ ရှိနေချင်တာ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ကိုယ့်လက်ထဲမှာပဲ ထားချင်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာဆင်နယ်ကလည်း အက်ဖ်အေဖလားနဲ့ ဥရောပပြိုင်ပွဲမှာ ရှိနေချင်လိမ့်မယ်ဆိုတာ ကျွန်တော် တော်တော်လေး သေချာပါတယ်။ အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေ အပြီးမှာ ဒီရာသီနဲ့ ပြီးခဲ့တဲ့ရာသီတွေမှာ မယုံနိုင်လောက်စရာ ပွဲပမာဏတွေနဲ့အတူ ကျွန်တော်တို့ အဲဒီမှာရှိနေတုန်းပါပဲ။။ ကျွန်တော် အဲဒါကို နှစ်သက်ပါတယ်။ ခင်ဗျား အလုပ်ကို ငါတို့တွေ လက်စတာကို အနိုင်ရခဲ့ရင် ငါတို့တွေ အသက်ဆက်နိုင်သေးတယ်ဆိုပြီး တွေးရင်းသွားမယ်။ ငါတို့တွေ အာဆင်နယ်ကို အနိုင်ရခဲ့ရင် အသက်ဆက်နိုင်သေးတယ်လို့ တွေးရင်းသွားမယ်။ အဲဒီကို သွားပြီး ဘာမှ လုပ်စရာမရှိဘူးလို့ တွေးနေမိမယ်”
“ချန်ပီယံလိဂ်မှာလည်း ဒီလိုပါပဲ။ ဥရောပမှာ ထိပ်တန်းအသင်းနဲ့ ကွာတားဖိုင်နယ်မှာ နောက်ထပ်တစ်ကြိမ် တွေ့ဆုံရမယ်။ အဲဒါက ပျော်ရွှင်စရာအခိုက်အတန့်ပါ။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလမှာ ကျွန်တော် သိပ်မပျော်ခဲ့ဘူး။ ခင်ဗျား ရာသီရဲ့ နောက်ပိုင်းအချိန်တွေကို ရောက်တဲ့အချိန်မှာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နေရပြီး ကျွန်တော်က ကမ္ဘာပေါ်က အပျော်ရွှင်ဆုံးလူသားပါ။ ကျွန်တော် ဒီနေရာမှာ ရှိနေရတာကို နှစ်သက်ပါတယ်။ ဘာတွေ ဖြစ်လာမှာလဲ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ အနိုင်ရမယ်ဆိုရင်တော့ အရာအားလုံးက ပြီးပြည့်စုံပါလိမ့်မယ်။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရင်တော့ ကျွန်တော်တို့က ကျရှုံးတဲ့အသင်းဖြစ်ပါလိမ့်မယ်။ ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ တစ်နေ့ကုန်ရင် နေက ထွက်လာမှာပဲ။ အနာဂတ်မှာ နောက်ထပ်တစ်ကြိမ် ထပ်ကြိုစားပေါ့။ ဒါက ကျွန်တော်တို့ ထားရမယ့် ခံယူချက်ဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို လုပ်ဖို့ လိုတယ်ဆိုတာကို သိနေပြီး အရင်တုန်းကလည်း အဲဒါကို လုပ်ခဲ့တယ်ဆိုတာကို သိနေဖို့လိုပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော့်မှာရှိနေတဲ့ကစားသမားအစုအဖွဲ့တွေနဲ့ပတ်သက်ပြီး မယုံနိုင်လောက်အောင် ပျော်ရွှင်နေမိတာပါ။ အားလုံးက ပိုကောင်းလာအောင်တွန်းအားပေးလုပ်ဆောင်နေကြတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
- Posted In:
- Articles