အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံပုံတွေ မကြိုက်ဘူးဆိုရင် ဘုရားကျောင်းကို သွားလိုက်ပါလို့ ပြောခဲ့တဲ့ အာတီတာ
အက်ဖ်အေရဲ့ စစ်ဆေးမှုခံခဲ့ရပေမယ့် အရေးယူခြင်း မခံခဲ့ရတဲ့ ဘုန်းမောက်အသင်းကို နောက်ဆုံး စက္ကန့်ဂိုးနဲ့ နိုင်ပွဲအပြီး အလွန်အမင်းအောင်ပွဲခံမှုကို ထပ်မံပြုလုပ်ဖို့ ရှိသေးလားလို့ မေးမြန်းခဲ့ရာ ယခုလို ဘောလုံးပွဲတပွဲမှာ အနိုင်ဂိုးရရှိလို့ အောင်ပွဲခံတဲ့ အပြုအမှုတွေကို မကြိုက်ရင် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ လာကြည့်မယ့်အစား ဘုရားကျောင်းသို့သာ သွားသင့်သည်ဟု ပြန်တုံ့ပြန်ခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ အက်ဖ်အေဟာ ပြီးခဲ့တဲ့တပတ်ကျော် စနေနေ့က ရိစ် နယ်လ်ဆန်ရဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးအပြီးမှာ အာဆင်နယ်ရဲ့ အောင်ပွဲခံမှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ဂန်းနားတွေဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၉၇ မိနစ်မှာ သွင်းယူခဲ့တဲ့ နယ်လ်ဆန်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အမ်းမရိတ်စ်မှာ အဖိုးတန် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးအပြီး အာဆင်နယ်အရန်ခုံတန်းက လူတွေအားလုံး ကွင်းထဲဝင် အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် ခရစ္စ ကက်ဗာနာက ဒီအောင်ပွဲခံမှုကို အက်ဖ်အေဆီ သတင်းပို့ခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးလို့ ပြစ်မှု ထင်ရှားရင် အာဆင်နယ်အသင်းကို ဒဏ်ရိုက်မယ်လို့ အက်ဖ်အေက သတိပေးစာထုတ်ခဲ့တာဖြစ်ပါတယ်။
စစ်ဆေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာ အက်ဖ်အေဟာ အာဆင်နယ်ကို အရေးယူသွားတော့မှာ မဟုတ်ကြောင်း ကြေငြာသွားခဲ့ပါတယ်။ဒိုင်ရဲ့ အစီရင်ခံစာတွေအရသာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်အရ ဒါဟာ အရေးယူရမယ့် ကိစ္စမဟုတ်ဘူးလို့ သတ်မှတ်ခဲ့တာဖြစ်တယ်လို့လည်း အာဆင်နယ်အသင်းကို ပြောခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ဒါမျိုးထပ်မံအောင်ပွဲခံမှုတွေ ပြုလုပ်နိုင်သေးလား။ သူ့ရဲ့ အာဆင်နယ်အသင်းသားတွေကို ထပ်မံမပြုလုပ်ဖို့ တားမြစ်ဖို့တွေ ရှိနေသလားလို့ အာဆင်နယ်နည်းပြအာတီတာကို သတင်းထောက်က မေးခဲ့ရာ .. အာတီတာက” ဘောလုံးပွဲမှာ အနိုင်ရရင် မင်း ဂုဏ်ယူပြီး အောင်ပွဲခံမှာပဲလေ။ မင်းအဓိက လိုချင်တာက ဝါသနာနဲ့ စိတ်ခံစားပျော်ရွှင်မှုတွေပါ။ ဘောလုံးပွဲတွေမှာ ဂိုးသွင်းပြီး အနိုင်ရတာထက် ပိုကောင်းတဲ့အရာမရှိဘူး။ တကယ်လို့ ဒါမျိုးတွေ မမြင်ချင်ဘူး၊ မလိုချင်ဘူးဆိုရင် ဘောလုံးပွဲတွေရှိတဲ့နေရာ လာမယ့်အစား ဘုရားကျောင်းတွေကို သွားလိုက်ပါ။ သေချာတာတော့ ကျွန်တော့်အသင်းက ကစားသမားတွေကို ဆန်းဒေးမှာ ဖူလ်ဟမ်နဲ့ ကစားရမယ့်ပွဲမှာ အောင်ပွဲမခံရဘူးလို့ မတားမြစ်ထား မပြောဖူးထားပါဘူး”လို့ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ယခုလို အောင်ပွဲခံမှုများနဲ့ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ် မဟုတ်ပဲ မနှစ်က ရာသီမှာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရပြီးနောက်တွင် အားရပါးရအောင်ပွဲခံခဲ့သဖြင့် ဝုလ်ဗ်စ်အသင်း ကွင်းလယ်ကစားသမား ရူဘင်နီဗက်စ်က သူတို့အသင်းကို အနိုင်ရရှိသည်ကို ချန်ပီယံဆုဖလား ရရှိခဲ့သကဲ့သို့ အောင်ပွဲခံနေသည်ဟု ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။
အာတီတာက “လက်ရှိ အာဆင်နယ်အသင်းအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ဖို့ပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို အနိုင်ယူနိုင်တဲ့ စိတ်ဓာတ်အပြည့်ရှိတဲ့ အသင်းတစ်သင်းဟာ ဘောလုံးနဲ့ပတ်သတ်ပြီးဖျော်ဖြေမှုပေးနိုင်သလို ဒီဘောလုံးအသင်းရဲ့ တန်ဖိုးတွေကို မြှင့်တင်ခြင်းနဲ့လည်း ဆက်နွယ်နေပါတယ်။ ” လို့လည်း ထပ်မံပြောသွားခဲ့ပါတယ်။
အာဆင်နယ်အသင်းသည် တနင်္ဂနွေနေ့ ည ၈ နာရီခွဲတွင် လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းရဲ့ ကွင်းသို့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ကို သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂျေးဇု၊ အန်ကီးတီးယား၊ ထရော့စ်ဆာ့်ဒ်တို့ ယခုပွဲကို ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပေမယ့် မန်ချက်စတာစီးတီးအသင်းနှင့် ၅ မှတ် ပြန်လည် ဖြတ်ထားရန် ဖူလ်ဟမ်အသင်းကို အနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
ARSENAL MYANMAR
PHOTOS CREDIT
- Posted In:
- Articles