အမ်ဘာပေနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေမှန်ကို ဖွင့်ဟလိုက်တဲ့ ဂျာနယ်လစ် user

အမ်ဘာပေနဲ့ အာဆင်နယ်တို့ရဲ့ အခြေအနေမှန်ကို ဖွင့်ဟလိုက်တဲ့ ဂျာနယ်လစ်

နာမည်ကျော် CBS ဂျာနယ်လစ် ဘန် ဂျေကော့ဘ်က အမ်ဘာပေကို အာဆင်နယ်နဲ့ လီဗာပူးလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း နှစ်သင်းစလုံးက ခေါ်ဖို့ စဉ်းစားနေတာမျိုး မရှိဘဲ တကယ်ခေါ်မယ့်သူက ဆော်ဒီက ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ လက်ရှိအချိန်မှာ ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ထိပ်တန်းအဆင့်ပြိုင်ပွဲကနေ ထွက်ခွာလိုတဲ့ဆန္ဒမျိုး မရှိပေမယ့်လည်း ဆော်ဒီအာရေဗျ အများသူငှာရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့(PIF)ကိုယ်တိုင်က ပြင်သစ်တိုက်စစ်မှူးကို အာမခံချက်တစ်ခုနဲ့ ခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အမ်ဘာပေကို ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့်လည်း စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်နေတာကြောင့် ပြင်သစ်တိုက်စစ်မှူးကို စျေးအများဆုံးပေးတဲ့အသင်းဆီ ရောင်းချသွားဖို့လည်း တစ်ဖက်က စဉ်းစားထားတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း သတင်းတွေ ထွက်နေတဲ့ အာဆင်နယ်ရော လီဗာပူးလ်ကပါ အမ်ဘာပေရဲ့ ကြီးမားလှတဲ့ လစာပမာဏကြောင့် ခေါ်ယူဖို့ မစဉ်းစားထားကြဘူးလို့ ဘန် ဂျေကော့ဘ်က Caughtoffside ကို ပြောကြားခဲ့ပြီး ပိုင်ဆိုင်မှုခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံရှိတဲ့ ဆော်ဒီ အာရေဗျအာဏာပိုင်အဖွဲ့အစည်းက ပီအက်စ်ဂျီကြယ်ပွင့်ကို တစ်နှစ်ကစားပြီးတာနဲ့ ကြိုက်တဲ့အသင်းကို ပြောင်းရွှေ့နိုင်တဲ့စာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေကို ခေါ်ယူချင်ပေမယ့်လည်း ဖြစ်နိုင်ရင် အလွတ်နဲ့ ခေါ်နိုင်ဖို့အတွက် လာမယ့်နွေရာသီအထိ စောင့်ဆိုင်းချင်နေပုံပေါ်တာကြောင့် လက်ရှိအချိန်မှာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို အမှန်တကယ် ခေါ်ချင်တာက ဆော်ဒီ အာရေဗျက ဖြစ်နေတာဖြစ်ပါတယ်။

“လက်ရှိမှာ ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ကြားမှာ တော်တော်လေး ပြင်းထန်တဲ့အခြေအနေဖြစ်နေတယ်။ အယ်လ်ခါလီဖီက အမ်ာဘပေအနေနဲ့ စာချုပ်သစ် ချုပ်မှာလားဆိုတာကို ဒီရက်ပိုင်းအတွင်းမှာ ကျိန်းသေပေါက်သိချင်နေတယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ သူ့ကို ဒီနွေမှာ ရောင်းဖို့ အသင်းအတွင်းပိုင်းထဲမှာ အစည်းအဝေးလုပ်ပြီး စျေးသတ်မှတ်သွားတော့မှာပါ။ ပီအက်စ်ဂျီက အမ်ဘာပေကို လာမယ့်နွေမှာ အလွတ်နဲ့ ပေးမထွက်ဘူးလို့ အခိုင်အမာပြောထားပြီးသားပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က ဒီရာသီမှာ ပီအက်စ်ဂျီမှာ ဆက်တော့နေချင်တယ်ဆိုတဲ့ပုံစံမျိုးပြထားတယ်။ အဲဒါက ပြိုင်ပွဲတွေအများကြီးနဲ့ ပါဝါလွန်ဆွဲပွဲလိုမျိုးဖြစ်ပြီး လူမြင်ကွင်းမှာ ကစားနေကြတာပါ။ အခုအချိန်မှာ ပီအက်စ်ဂျီက အမ်ဘာပေရဲ့အဖြေကိုပဲ စောင့်နေတာပါ။ ဒါပေမယ့် အဖြေက ဟင့်အင်းဆို တန်းရောင်းမှာပါ။ ရီးရဲလ်ကတော့ လာမယ့်နွေမှ အလွတ်နဲ့ ခေါ်ဖို့ စောင့်ချင်နေတယ်။ ဒါပေမယ့်လည်း စျေးက သင့်တယ်ထင်ရင်တော့ ချက်ချင်းခေါ်မှာပါ။ လစာနဲ့ အေးဂျင့်က မိုးထိုးနေတာတော့ တော်တော်လေးရှင်းပါတယ်။ သူ့ကို ခေါ်နိုင်မယ့်အသင်းက တော်တော်လေးနည်းပါတယ်။ ဖြစ်နိုင်တာကတော့ ဆော်ဒီကပေါ့။ အမ်ဘာပေက ဆော်ဒီပရိုလိဂ်တော့ ပြောင်းဖို့ စိတ်မဝင်စားပါဘူး။ ကျွန်တော့်ကို ပြောခဲ့တာကတော့ PIF လုပ်ပိုင်ခွင့်ရှိသူတွေက သူ့ကို ရီးရဲလ် ဒါမှမဟုတ် တခြားတစ်နေရာကို ထွက်သွားမယ်ဆိုတာကို သိတာတောင်မှပဲ တစ်နှစ်လောက်ခေါ်ထားချင်တယ်။ ဒါပေမယ့် အမ်ဘာပေက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ချင်နေပြီး အဲဒီကနေ တစ်ရာသီလေးတောင် ထွက်မသွားချင်ပါဘူး။ လီဗာပူးလ်နဲ့ အာဆင်နယ်တို့က အမ်ဘာပေနဲ့ သတင်းသာ ထွက်နေတာပါ။ လက်ရှိမှာတော့ ခေါ်ဖို့ စဉ်းစားမနေကြပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet