အန်းဖီးကျိန်စာကို ဂန်းနားတို့ အဆုံးသတ်နိုင်မယ့် အကြောင်းအရင်း ၃ ခု
အာဆင်နယ်အသင်းဟာ ယနေ့ညနေမှာ အန်းဖီးမှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး အာတီတာရဲ့အသင်းအနေနဲ့ အန်းဖီးက ကာလရှည် စံချိန်ဆိုးကို ချေဖျက်နိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂၀၁၂ ခုနှစ်ကတည်းက အန်းဖီးကွင်းမှာ လီဗာပူးလ်ကို အနိုင်မရရှိခဲ့တာဖြစ်ပြီး အာတီတာကိုယ်တိုင် ပါ မာတီဆက်ကာ၊ ကာဇိုလာ၊ ပိုဒေါလ်စကီးတို့လို ကစားသမားတွေနဲ့အတူ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားခဲ့ဖူးတာဖြစ်ပါတယ်။
အာဆင်နယ်လို အသင်းကြီးတစ်သင်းအတွက် ဒီမှတ်တမ်းဟာ လက်မခံနိုင်စရာဖြစ်ပေမယ့်လည်း ဒီနေ့ပွဲစဉ်ကို အကောင်းမြင်စိတ်နဲ့ ယှဉ်ပြိုင်သွားဖို့ အကြောင်းအရင်းတွေ ရှိနေပြီး ဂန်းနားတွေအနေနဲ့ အန်းဖီးကျိန်စာဆိုးကို ချေဖျက်သွားနိုင်မယ့် အကြောင်းအရင်း ၃ ခု အထိ ရှိနေပါတယ်။
၁။ ကျိုးပဲ့လွယ်နေတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ ဒီရာသီကို ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး စတင်မှု ဖြစ်ခဲ့ပြီး အဖွင့် ၈ ပွဲကနေ ၁၀ မှတ်သာ ရယူခဲ့တာဖြစ်ပါတယ်။ အများစုက ကလော့ပ်ရဲ့အသင်းက အခြေအနေတွေကို ပြောင်းလဲပြီး အနည်းဆုံးတော့ ထိပ်ဆုံး ၄ နေရာထဲမှာ သက်တောင့်သက်သာ ရပ်တည်နိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့ပေမယ့်လည်း အဲဒီလို ဖြစ်မလာခဲ့ဘဲ တစ်ရာသီလုံး ပုံစံကောင်း ပြသနိုင်ဖို့ ဆက်လက်ရုန်းကန်နေရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဒီရာသီအကောင်းဆုံးစွမ်းဆောင်ရည်ဆိုလို့ မန်ချက်စတာယူနိုက်တက်ကို ၇-၀ နဲ့ အပြတ်အသတ်ချေမှုန်းခဲ့တဲ့ပွဲတစ်ပွဲသာ မြင်တွေ့ခဲ့ရပေမယ့်လည်း နောက်ထပ် တစ်ပတ်မပြည့်ခင်မှာပဲ ဘုန်းမောက်ကို ၁-၀ နဲ့ ပြန်ရှုံးခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ဆိုးရွားနေတဲ့ ခြေစွမ်းကြောင့် ဒီပွဲလွယ်ကူတဲ့ပွဲဖြစ်လိမ့်မယ်လို့ ပြောရင် ရူးမိုက်ရာကျပေမယ့်လည်း အနိုင် ၃ မှတ်ရယူနိုင်မယ်လို့ ယုံကြည်မှု ရှိရမယ့်အချိန် ရှိမယ်ဆိုရင် ဒီတစ်ချိန်ပဲလို့ဆိုရမှာ ဖြစ်ပါတယ်။
၂။ စိတ်ဓာတ်အသစ်
လီဗာပူးလ်ကို အနိုင်ယူနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ခံစားရစေတဲ့ နောက်ထပ် အကြောင်းအရင်းက အာတီတာ သွတ်သွင်းခဲ့တဲ့ ချန်ပီယံစိတ်ဓာတ်သစ်ကြောင့်ပဲ ဖြစပါတယ်။ အာဆင်နယ်အသင်းဟာ အန်းဖီးမှာ တစ်ဆင့်နိမ့်တဲ့အသင်းအဖြစ် မကြာခဏဆိုသလို သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး ရလဒ်အနေနဲ့ ဒုတိယအကောင်းဆုံးအသင်းစွမ်းဆောင်ရည်မျိုးသာ ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဲဒီလိုမဟုတ်တော့ဘဲ အာဆင်နယ်အသင်းဟာ နိုင်ပွဲရယူဖို့အတွက် အမှတ်ပေးဇယားထိပ်ဆုံးက အသင်းအဖြစ်နဲ့ ရင်ကော့ခေါင်းမော့ပြီး သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးနိမ့်တော့မယ်လို့ ထင်ရတဲ့အချိန်မှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တဲ့အထိ ဒီရာသီမှာ ကစားသမားတွေဆီကနေ အားကောင်းတဲ့စိတ်ဓာတ်ပိုင်းကို အများအပြားမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာက အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ကို မှန်ကန်တဲ့ စိတ်ဓာတ်နဲ့အတူ သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “သူတို့ရဲ့ရာသီက ဘယ်လိုဖြစ်နေလဲဆိုတာက အရေးမကြီးပါဘူး။ သူတို့တွေက အမြဲတမ်း အန္တရာယ်ရှိတဲ့အသင်းဖြစ်နေမှာဖြစ်ပြီး အန်းဖီးမှာဆိုရင် ကစားရတာ အရမ်းခက်ခဲတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီမှာ နိုင်ပွဲရယူနိုင်ဖို့ လုံလောက်တဲ့ ယုံကြည်ချက်ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ လုပ်ဖို့ ကြိုးပမ်းမယ့်အရာပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ အဲဒီကို သွားမှာပါ။ အဲဒီတော့ ကျွန်တော်တို့ ၃ မှတ်ယူပြီး ပြန်လာနိုင်မလားဆိုတာကို ကြည့်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။
၃။ များပြားတဲ့ သွင်းဂိုးအရေအတွက်
အာဆင်နယ်ရဲ့ အရည်အချင်းတွေထဲက တစ်ခုက ဂိုးပေါက်ထဲကို ဂိုးသွင်းယူနိုင်တာဖြစ်ပြီး နောက်ဆုံး လီဗာပူးလ်နဲ့တွေ့ခဲ့တဲ့ပွဲမှာ ၂ သင်းစလုံး မယုံနိုင်လောက်အောင် ဖွင့်ကစားပြီး ၃-၂ နဲ့ ဂန်းနားတွေက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီလိုမျိုး အလားတူ အခင်းအကျင်းမျိုး ထပ်မြင်ရမယ်ဆိုရင် ဒီပွဲစဉ်ဟာ ဘယ်အသင်းရဲ့ တိုက်စစ်က ဂိုးပေါက်ရှေ့မှာ အခွင့်အရေးတွေကို ပို အဆုံးသတ်နိုင်မလဲဆိုတာက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။လက်ရှိခြေစွမ်းအရ အာဆင်နယ်တိုက်စစ်က အသာစီးရဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရှိနေပြီး လီဗာပူးလ်အသင်းဟာ မန်ယူနိုက်တက်ကို ၇-၀ နဲ့ အနိင်ယူပြီးကတည်းက ၄ ပွဲအတွင်း ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းကတော့ နောက်ဆုံး ၄ ပွဲမှာ ၁၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာတီနယ်လီ၊ ဆာကာ၊ ဂျေးဇု၊ အော်ဒီဂွါဒ်၊ ထရော့ဆာ့ဒ်တို့လို လက်ရှိ ပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းအရှိဆုံး ကစားသမား ၅ ဦးကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အနေနဲ့ လီဗာပူးလ်ခံစစ်ကို ကြောက်ရွံ့စေမှာဖြစ်ပြီး ဂန်းနားတွေရဲ့ အန်းဖီးကျိန်စာဆိုးကို ချေဖျက်ဖို့ ဘယ်သူတွေဂိုးသွင်းမလဲဆိုတာကိုသာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
Arsenal Myanmar
- Posted In:
- Articles