ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု user

ဟာဗတ်ဇ်ရဲ့ ပွဲဦးထွက်နဲ့ ဆာကာ တောက်ပခဲ့တဲ့ နုရင်ဘတ်နဲ့ပွဲမှာ လွတ်သွားနိုင်တဲ့ အရာ ၅ ခု

အာဆင်နယ်အသင်းဟာ ရာသီကြိုပထမဆုံးခြေစမ်းပွဲစဉ်အဖြစ် နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကစားသမား ၁၉ ဦးအထိ အသုံးပြုခဲ့ပြီး တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ဂျာမနီတောင်ပိုင်းမှာ အလွန်ကောင်းမွန်တဲ့စတင်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘူကာယို ဆာကာက ၇ မိနစ်မှာပဲ အလွန်ကောင်းမွန်တဲ့ ဂိုးကန်သွင်းမှုနဲ့အတူ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ပထမပိုင်း မပြီးဆုံးခင်မှာ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းဟာ ၁-၀ နဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့တဲ့ ခိုင် ဟာဗတ်ဇ်က ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပွဲကစားချိန် မိနစ် ၆၀ မှာ ဂိုးသမား ကားလ်ဟိန်းရဲ့ ပေါ့လျော့မှုနဲ့အတူ ဂျော်ဂျင်ညိုရဲ့ ထူးဆန်းတဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ဂိုးကနေ ချေပဂိုး ပြန်ပေးခဲ့ရပြီးနောက် အရာအားလုံးက ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။

 

နှစ်သင်းစလုံးက ဒီပွဲစဉ်မှာ နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူပြီး အနိုင်ရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သရေရလဒ်နဲ့သာပွဲပြီးဆုံးသွားခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပရိသတ်အများစု မမြင်တွေ့လိုက်ရဘဲ လွတ်သွားနိုင်တဲ့ အရာ ၅ ခု ရှိနေခဲ့ပါတယ်။

ဂါဘရီယဲလ်ရဲ့ နေရာသစ်

ဗဟိုခံစစ်အဖြစ်ပဲ အမြဲသုံးခံခဲ့ရတဲ့ ဂါဘရီယဲလ်က ဒီပွဲမှာ ပုံမှန်မဟုတ်တဲ့ ဘယ်နောက်ခံနေရာကို ပထမပိုင်းမှာ ပြောင်းကစားခဲ့ရပြီး ဆာလီဘာနဲ့ ခီဗီယောတို့ကို အာတီတာက ဗဟိုခံစစ်မှာ တွဲထားတာဖြစ်ပါတယ်။ ဂါဘရီယဲလ်က ကစားနေကျမဟုတ်တဲ့နေရာမှာ ကစားရပေမယ့်လည်း မက်စ် မားလော့ခ်ကွင်းမှာ အထင်ကြီးဖွယ်ခြေစွမ်းပြခဲ့ပေမယ့်လည်း ဇင်ကြီးနဲ့ မတူတာက အာဆင်နယ်ဘောလုံးရရင် ရှေ့မတက်ဘဲ ဆာလီဘာနဲ့ ကျန်နေခဲ့ပြီး ခီဗီယောကပဲ ကွင်းလယ်အထိ တက်သွားတာပါ။ ဒုတိယပိုင်းမှာ ဆီးဒရစ်နဲ့ တီယာနီတို့ ခီဗီယောနဲ့ ဆာလီဘာတို့ရဲ့ နေရာမှာ ဝင်လာပြီး အာတီတာက ကစားသမားအများအပြားကို ပွဲကစားချိန် ပေးနိုင်အောင် လှည့်သုံးခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် ဂါဘရီယဲလ်နဲ့ ဘန် ဝှိုက်တို့က ဗဟိုခံစစ်အတွဲဖြစ်သွားခဲ့ပြီး တီယာနီနဲ့ ဆီးဒရစ်တို့က နောက်ခံတောင်ပံနေရာမှာ ကစားခဲ့ကြပါတယ်။

စိုးရိမ်စရာတွေ ဖြစ်လာပြန်တဲ့ ဒဏ်ရာပြဿနာတွေ

အာဆင်နယ်အသင်းရဲ့ ရာသီကြို ပထမဆုံး ခြေစမ်းပွဲကနေ ပရိသတ်တွေ မျှော်လင့်ထားတာကတော့ ဒဏ်ရာတွေမဟုတ်တာ သေချာပေမယ့်လည်း ဂန်းနားတွေဟာ သွေးပူလေ့ကျင့်ခန်းမှာကတည်းက အသင်းခေါင်းဆောင် အော်ဒီဂွါဒ် ဘယ်ဖက်ခြေသလုံးဒဏ်ရာရသွားလို့ ဖေဘီယို ဗီယာရာက ဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ ပွဲစဉ်အပြီးမှာလည်း ဆာကာဟာ ပြင်းထန်တဲ့ ဖျက်ထုတ်မှုအပြီး နောက်ကျောကို နာကျင်မှုနဲ့ ကိုင်ထားခဲ့ပြီးနောက်ပိုင်း လူစားလဲလှယ်ခံခဲ့ရပြီး ကံကောင်းထောက်မစွာနဲ့ အလှည့်ကျပွဲထုတ်ပုံကြောင့် အနားပေးခဲ့တာသာဖြစ်ခဲ့ပေမယ့် လီအန်ဒရို ထရော့ဆာ့ဒ်ကတော့ ဒုတိယပိုင်းမှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ်တစ်ကြိမ် တောက်ပခဲ့တဲ့ ဆာကာ

ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ရာသီ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ဆာကာဟာ ရာသီကြိုကာလကို နုရင်ဘတ်မှာ အထင်ကြီးဖွယ်ခြေစွမ်းနဲ့အတူ အဖွင့်ဂိုးနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ၇ မိနစ်ပဲ ရှိသေးချိန်မှာ တောင်ပံကနေ ချိုးဝင်ပြီး ဘယ်ခြေနဲ့ ဂိုးထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ရယ်စရာကောင်းတဲ့ Own ဂိုး

ရာသီကြို ခြေစမ်းပွဲတစ်ပွဲသာဆိုပေမယ့်လည်း အာတီတာအနေနဲ့ နုရင်ဘတ် ချေပဂိုးရသွားတဲ့ပုံစံကြောင့် နည်းနည်းစိတ်ပျက်ခဲ့မှာဖြစ်ပြီး ဂန်းနားတွေကိုယ်တိုင် လက်ဆောင်ပေးလိုက်မိတာဖြစ်ပါတယ်။ ကားလ်ဟိန်းရဲ့ နမော်နမဲ့နိုင်တဲ့ ဘောလုံးပေးပို့မှုကြောင့် ဒုက္ခရောက်သွားတဲ့ ဂျော်ဂျင်ညိုက ၂၅ ကိုက်အကွာကနေ ဘောလုံးကို ပြန်ပေးခဲ့ရာမှာ ကိုယ့်ဂိုးထဲ ကိုယ်တန်းတန်းမတ်မတ်သွင်းမိခဲ့တာပါ။ အာတီတာဟာ ကွင်းဘေးစည်းကနေ အလွန်အမင်း ဖိအားပေးခံထားရတဲ့ အခြေအနေမှာ ကိုယ့်ဂိုးထဲကိုယ်ပြန်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂျော်ဂျင်ညိုကို မယုံနိုင်ဟန်နဲ့ ကြောင်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကားလ်ဟိန်းက ဒီချေပဂိုးအတွက် အဓိက တာဝန်ရှိသူဖြစ်ပြီး လူသေချာမကြည့်ဘဲ ပေးခဲ့တဲ့အတွက် အာဆင်နယ်အသင်း အလွန်အမင်း ဒုက္ခများသွားခဲ့ရတာဖြစ်ပါတယ်။

အထင်ကြီးအောင် လုပ်ပြဖို့ အခွင့်အရေးပေးခံခဲ့ရတဲ့ ဘာလိုဂန်

ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်မှာ အထင်ကြီးဖွယ် အငှားကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့ ဘာလိုဂန်ကို အာတီတာက ရာသီကြို ပထမဆုံးခြေစမ်းပွဲစဉ်မှာ တောက်ပပြဖို့ အခွင့်အရေး ပေးခဲ့ပြီး ယူအက်စ်အေကြယ်ပွင့်ဟာ ၂၀၂၂-၂၀၂၃ ရာသီ လီဂူးဝမ်း ၃၉ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုလာမယ့်ရာသီသစ်မှာ အာဆင်နယ်ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရှိတာကြောင့် အမ်းမရိတ်စ်ကနေ ဒီနွေရာသီမှာပဲ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး အာတီတာက ဘာလိုဂန်အနေနဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာ တပြိုင်တည်း ယှဉ်ပြိုင်ရမယ့် အသင်းအတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို မြင်တွေ့ချင်ခဲ့တာဖြစ်ပါတယ်။

အသက်၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ နောက်ဆုံး မိနစ် ၃၀ ကို လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ကစားပေးခဲ့ပြီး ဝင်ဝင်လာချင်းပဲ ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာလိုဂန်ရဲ့ ဂိုးသမားကို ဖြတ်ကျော်ပြီး ကန်သွင်းခဲ့တဲ့ဘောလုံးက ဂိုးတိုင်အောက်ခြေနဲ့ ထိမှန်ပြီးနောက် ပြန်ထွက်လာခဲ့တာဖြစ်ပြီး ကွင်းထဲမှာ ရှိနေခဲ့တဲ့အချိန်အတွင်း ဂါဘရီယဲလ် ဂျေးဇုက ဘယ်တောင်ပံ၊ အီသန် နွာနယ်ရီက ညာတောင်ပံတို့မှာ ကစားခဲ့တာကြောင့် အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခံခဲ့ရတာဖြစ်ပါတယ်။ ဖိုလာရင် ဘာလိုဂန်ဟာ ၈၉ မိနစ်မှာ နောက်ထပ်တစ်ကြိမ် အပိုင်ဂိုးသွင်းခွင့်တစ်ကြိမ် ထပ်မံရရှိခဲ့ပေမယ့်လည်း ဂိုးပိုက်ဘေးဘက်ကိုသာ ကန်မိခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet