လာမယ့်ရာသီ ဂျော်ကြီးကို အားကိုးရမယ့်အကြောင်းအရင်း ၃ ခု
အာဆင်နယ်အသင်းကို ရောက်ရှိလာချိန်တုန်းက ဂျော်ဂျင်ညိုဟာ မျိုးစုံတဲ့ ကြိုဆိုမှုတွေကို ရရှိခဲ့ပေမယ့်လည်း အသင်းအတွက် ပါဝင်ကစားခွင့်ရချိန်မှာ အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသခဲ့ပြီး စွမ်းဆောင်ရည်နဲ့ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အသင်းမှာ ရှိနေခဲ့တဲ့ ၄ လအတွင်းမှာ ဂျော်ဂျင်ညိုဟာ ၈ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့သလို အရန်ခုံကနေ ၆ ကြိမ် ပါဝင်ကစားပေးခဲ့ပြီး တစ်ရာသီလုံး ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ပိုမို အသုံးပြုဖို့ တောင်းဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
အီတလီဝါရင့် ကွင်းလယ်လူဟာ ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းခြင်း၊ တိုက်စစ်ဆင်နိုင်မယ့် ဘောလုံးပေးပို့မှုတွေ အများအပြားနဲ့ အသင်းကို တည်ငြိမ်မှုရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး လာမယ့်ရာသီမှာ ဂျော်ဂျင်ညိုကို ဂန်းနားတွေ အားကိုးရမယ့်အကြောင်းအရင်း ၃ ခု ရှိနေပါတယ်။
၁။ ထိန်းချုပ်နိုင်ခြင်း
ဂျော်ဂျင်ညိုလိုမျိုး ကစားသမားအနည်းငယ်လောက်သာ ပွဲကို ဖတ်နိုင်စွမ်းရှိပြီး ပွဲအရှိန်ကို တောက်လျှောက် ခြေထောက်ထဲမှာ ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ ပွဲအရှိန်ကို ထိန်းညှိသူဖြစ်ပြီး လက်ရှိ အာဆင်နယ်ကစားသမားတွေထဲမှာ ဇင်ချန်ကို တစ်ဦးတည်းသာ ဘောဆက်မပြတ်အောင် ထိန်းထားနိုင်ခြင်း၊ ဘောလုံး တောင်းဆိုနိုင်ခြင်းစတဲ့ ပွဲကြီးတွေမှာ အရေးပါတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ရာသီကြိုမှာ ဆာလီဘာပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရတာကြောင့် အာဆင်နယ်ဟာ နောက်ထပ်တစ်ကြိမ် High line နဲ့ ကစားသွားမှာဖြစ်ပြီး ဂျော်ဂျင်ညိုအနေနဲ့ ဗဟိုခံစစ်ကစားသမား ၂ ဦးရဲ့ ရှေ့မှာ ကစားသွားရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ အဲဒါက ၎င်းနဲ့ အသင်းဖော်တွေကြား ကွာဟချက်ကို သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်ပြီး အဲဒါက ၎င်းကို ကွင်းထဲမှာ ပွဲကို သတ်မှတ်နိုင်စွမ်းရရှိစေမှာဖြစ်တာကြောင့် ကွင်းလယ်မှာ တြိဂံပုံစံ ကစားပေးပြီး အသင်းကို စစ်တုရင်ကစားသလို လိုသလို အကွက်ရွှေ့နိုင်စေမှာဖြစ်ပါတယ်။
၂။ ခေါင်းဆောင်မှု
ဂျော်ဂျင်ညိုဟာ ကွင်းထဲမှာဆိုရင် နည်းပြတစ်ဦးလို့ ပြောရလောက်အောင် ညွှန်ပြမှုတွေ၊ အော်ဟစ်မှုတွေ၊ စုစည်းမှုနဲ့ ခေါင်းဆောင်မှုတွေ ပြုလုပ်နိုင်သူဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်က ၎င်းရဲ့ရှေ့မှာ ဖိအားပေးမှုကို ဦးဆောင်နေတာကြောင့် အာဆင်နယ်ဟာ အာတီတာရဲ့ လမ်းညွှန်ချက်တွေကို သယ်ဆောင်ပေးနိင်တဲ့ နောက်ထပ် နည်းဗျူဟာပိုင်းခေါင်းဆောင်တစ်ဦးကို ကွင်းထဲမှာ ထပ်ထည့်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ချာကာက အာဆင်နယ်ကို စွန့်ခွာတော့မှာဖြစ်တာကြောင့် ဂန်းနားတွေဟာ ခေါင်းဆောင်မှုပေးနိုင်တဲ့ကစားသမားတွေထဲက တစ်ဦးကို ဆုံးရှုံးရတော့မှာဖြစ်ပြီး ဒီကလန် ရိုက်စ်နဲ့ အစားထိုးဖို့ မျှော်လင့်နေပေမယ့်လည်း ဂျော်ဂျင်ညိုလိုမျိုး အကြီးမားဆုံး ဆုဖလားတွေ ရရှိဖူးတဲ့ ကစားသမားက အမ်းမရိတ်စ်မှာ ပြောင်းခဲခဲ့ပြီးဖြစ်တဲ့ မျှော်မှန်းချက်တွေအတွက် အဓိကကျလာမှာဖြစ်ပါတယ်။ ထိပ်ဆုံး ၄ နေရာက ဂန်းနားတွေရဲ့ ပစ်မှတ်မဟုတ်တော့ဘဲ လာမယ့်ရာသီမှာ ဆုဖလားတွေအတွက်သာ ယှဉ်ပြိုင်သွားတော့မှာဖြစ်ပြီး အလှည့်ကျ လူထုတ်ပုံက အရေးကြီးတာကြောင့် ဂျော်ဂျင်ညိုလိုမျိုး အသင်းရဲ့ အရည်အချင်းတွေ လတ်ဆတ်နေအောင် လုပ်ပေးနိုင်တဲ့ ခေါင်းဆောင်ရှိနေတာက အသင်းအတွက် ကြီးမားတဲ့ အားသာချက်ဖြစ်လာမှာဖြစ်ပါတယ်။
၃။ အသင်းသားတွေရဲ့ နေရာစုံကစားနိုင်စွမ်း
အာတီတာဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ကစားသမားတွေရဲ့ နေရာစုံကစားနိုင်စွမ်းအပေါ်မှာ အဓိက တန်ဖိုးထားတယ်ဆိုတာကို ပြသခဲ့ပြီး နေရာအများအပြားမှာ ကစားနိုင်တဲ့ကစားသမားတွေကိုပဲ ဦးစားပေးခေါ်ယူခဲ့တာကြောင့်ပဲ ဇန်နဝါရီလတုန်းက ကိုင်ဆေဒိုကို လိုချင်ခဲ့တာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုက အဲဒီလို အစွမ်းမျိုးမရှိပေမယ့်လည်း သောမတ်စ် ပါတေးနဲ့ အလွန်ကောင်းမွန်တဲ့ အလှည့်ကျ ရွေးချယ်စရာကို ပေးနိုင်ခဲ့ပြီး ဂါနာကွင်းလယ်ကစားသမားနဲ့ ကွင်းလယ်ခံစစ် ၂ ဦးပုံစံ သို့မဟုတ် လိုအပ်တဲ့အချိန်ကျရင် ညာနောက်ခံနေရာမှာ အသုံးပြုနိုင်စေခဲ့ပါတယ်။ အာဆင်နယ်သာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ်ဆိုရင် ဂျော်ဂျင်ညိုက ဝက်စ်ဟမ်းကြယ်ပွင့်နဲ့ အလှည့်ကျ ကစားပေးနိုင်ပြီး လိုအပ်ရင် ဒီကလန် ရိုက်စ်ဟာ ဗဟိုခံစစ်ထိ ဆင်းကစားနိုင်တာကြောင့် အာတီတာအတွက် နောက်ထပ်ရွေးချယ်စရာတစ်ခု ထပ်မံတိုးမြင့်လာမှာ ဖြစ်ပါတယ်။ ဒီရွေးချယ်စရာတွေဟာ ယခုရာသီ အစောပိုင်းတုန်းက အာတီတာ သိပ်အသုံးမပြုခဲ့ပေမယ့်လည်း ရာသီကုန်ခါနီး အပြောင်းအလဲတွေ လုပ်ခဲ့တာက လာမယ့်ရာသီမှာ ကစားသမားတွေကို အသေမထားဘဲ အရှင်ကစားခိုင်းမယ်ဆိုတာနဲ့ ဂျော်ဂျင်ညိုက ကျောနံပါတ် ၆ နေရာကနေ အရာအားလုံးကို ညွှန်ကြားနိုင်ပြီး အရာအားလုံးကို ပုံမှန်စံနှုန်းအတိုင်း ဆက်ရှိနေအောင် ထိန်းသိမ်းထားနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်တယ်ဆိုတာကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis