ပေါင် ၁၀၅ သန်းတန်လောက်အောင် အာဆင်နယ်ကစားကွက်မှာ ရိုက်စ်ကို အသုံးပြုနိုင်မယ့် နည်းလမ်း ၃ သွယ်
ထမင်းဆိုတာ မတူညီတဲ့ ဟင်းပွဲတွေအများကြီးနဲ့ စားသုံးနိုင်တဲ့ အဓိကကျတဲ့ အာဟာရတစ်ခုဖြစ်သလို ဒီကလန် ရိုက်စ်ရဲ့ နေရာစုံကစားနိုင်စွမ်းက ကစားကွက်မျိုးစုံ မြည်းစမ်းချင်တဲ့ အာတီတာအတွက် အခရာဖြစ်လာမှာဖြစ်ပါတယ်။
ရှားရှားပါပါး ပထမဦးစားပေးရွေးချယ်မှုကို ခေါ်ယူနိုင်မှုက အသင်းကို ကြီးမားတဲ့အကျိုးသက်ရောက်မှု ပြုလုပ်ပေးနိုင်တဲ့ ကစားသမားလိုချင်တဲ့ အာတီတာအတွက် ကြီးကြီးမားမား အမြတ်ထွက်မှုဖြစ်ပြီး ရိုက်စ်ရဲ့ ဘက်ပေါင်းစုံ လွှမ်းခြုံနိုင်တဲ့ အရည်အချင်းတွေက ဂန်းနားတွေကို လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်နိုင်စေမှာဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်ဟာ ကွင်းလယ်နေရာ တော်တော်များများမှာ ကစားပေးနိုင်ပြီး အခု ပြောပြသွားမှာက အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို အာတီတာအနေနဲ့ လာမယ့် ၂၀၂၃-၂၀၂၄ ရာသီနဲ့ နောက်ရာသီတွေမှာ ဘယ်လို အသုံးပြုသွားနိုင်မလဲဆိုတဲ့ နည်းလမ်း ၃ သွယ်ပဲဖြစ်ပါတယ်။
၁။ ကွင်းလယ်အထိုင်အဖြစ် ကစားစေခြင်း
ဒီနေရာက ဒီကလန် ရိုက်စ်ရဲ့ အသားအကျဆုံးနေရာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ကွင်းလယ်အထိုင်ကစားသမားအဖြစ် ပုံမှန်ကစားခဲ့တာကြောင့် သောမတ်စ် ပါတေးသာ ထွက်ခွာမယ်ဆိုရင် ဂန်းနားတွေရဲ့ ကွင်းလယ်ခံစစ်နေရာမှာ အလားတူ တာဝန်တွေကို စွမ်းဆောင်ပေးနိုင်မှာပါ။ ကျောနံပါတ် ၆ နေရာကနေ ဘောလုံးပေးပို့နိုင်ခြေရှိတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ခြင်းနဲ့ မကြာခဏ တိုက်စစ်အကူးအပြောင်းကို ပိတ်ချဖို့အတွက် အရေးကြီးတဲ့ ကြားဝင်ဖျက်ထုတ်မှုတွေ ပြုလုပ်နိုင်တာကြောင့် ရိုက်စ်ကို ဒါကြောင့်ခေါ်တာကိုးလို့ တန်းမြင်ရစေမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ ကြားဝင်ဖျက်ထုတ်မှု ၆၃ ကြိမ်နဲ့ လိဂ်မှာ မြင့်မားတဲ့ ကိန်းဂဏန်းကို ပိင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ အဲဒီအပြင် အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ တိုက်စစ်စတင်ရာမှာလည်း အများကြီး အထောက်အကူပေးနိုင်ပြီး ခြေ ၂ ဖက်စလုံးနဲ့ တိုက်စစ်ကို ဖိအားပေးနိုင်သလို အန္တရာယ်ရှိတဲ့ နေရာတွေမှာ ဘောလုံးလက်ခံဖို့လည်း ဘယ်တုန်းကမှ တွန့်ဆုတ်နေခြင်းမရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကလန် ရိုက်စ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ဘယ်လို ဖျက်ထုတ်မှုမျိုးကိုမဆို တွန်းလှန်နိုင်ဖို့အတွက် ၎င်းကို အကူအညီဖြစ်စေတာဖြစ်ပါတယ်။ ထက်မြက်တဲ့ သတိရှိမှုနဲ့ ချီးမွမ်းထိုက်တဲ့ စည်းကမ်းပိုင်းကောင်းမွန်မှုနဲ့ တစ်ဦးချင်းအားကောင်းတဲ့ ရိုက်စ်က အာဆင်နယ်ရဲ့ ကွင်းလယ်ကို နောက်ထပ် အဆင့်အတန်းသစ်တစ်ခုကို ရောက်ရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
၂။ Box-to-Box အခန်းကဏ္ဍမှာ အသုံးပြုနိုင်ခြင်း
ပါတေးရဲ့နေရာမှာ အစားထိုးခေါ်ယူမှုဖြစ်ပေမယ့်လည်း ဒီကလန် ရိုက်စ်ဟာ ချာကာလိုမျိုးလည်း ကစားပေးနိုင်တဲ့ကစားသမားဖြစ်ပြီး ပါတေး၊ ဂျော်ဂျင်ညို၊ အယ်လ်နန်နီတို့ရှိနေမှုက အာဆင်နယ်ဟာ ကွင်းလယ်အထိုင်နေရာမှာတော့ အသုံးပြုစရာကစားသမားတွေအများကြီးဖြစ်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် ကွင်းလယ်အထိုင်အစား ကျောနံပါတ် ၈ နေရာမှာ ရွေးချယ်စရာကို အင်အားဖြည့်တင်းဖို့ လိုအပ်ပြီး ဒီကလန် ရိုက်စ်ကိုယ်တိုင်က အဲဒီပြဿနာကို ကျိန်းသေပေါက် ဖြေရှင်းပေးနိုင်ပါတယ်။ ဒီကလန် ရိုက်စ်ဟာ ဥရောပရဲ့ထိပ်တန်းလိဂ် ၅ ခုမှာ အကောင်းဆုံး တိုက်စစ်လိုက်ပါနိုင်တဲ့ ကွင်းလယ်ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်ပြီး အာတီတာရဲ့ နေရာအပြောင်းအလဲရှိတဲ့ ကစားကွက်ကနေ အကျိုးအမြတ်ဖြစ်နိုင်တာ သံသယဖြစ်စရာမရှိပါဘူး။ ရိုက်စ်အနေနဲ့ ဘောလုံး ပြန်လည်ဆယ်ယူပြီးတာနဲ့ တိုက်စစ်ကို တဟုန်ထိုး ပြေးတက်နိုင်ပြီး ပင်နယ်တီဧရိယာထဲကို နောက်ကျမှ ပြေးဝင်ပြီး သွင်းဂိုးတွေ ထောက်ပံ့ပေးနိုင်သလို လိမ်ခေါက်ပြီး အသင်းဖော်တွေနဲ့ ပူးပေါင်းပြီး ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်တဲ့ ပုံစံမျိုးကိုလည်း ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို အသားပေးထားတဲ့ ၃-၂-၅ ကစားကွက်ကြောင့် စုပေါင်းအင်အားနဲ့ ရိုက်စ်ကို တိုက်စစ်ထိတက်ပြီး စွန့်စားခန်းဖွင့်စေနိုင်မှာဖြစ်ပြီး ဘောလုံးပျက်သွားခဲ့ရင်လည်း လျင်လျင်မြန်မြန်နဲ့ ပြန်လည်ဆယ်ယူနိုင်တဲ့ အစွမ်းရှိပါတယ်။ ဟာဗတ်ဇ် ရောက်ရှိလာမှုကြောင့် ဒီကလန် ရိုက်စ်အနေနဲ့ အဲဒီအခန်းကဏ္ဍမှာ ကစားရမှာမဟုတ်ဘူးလို့ ညွှန်ပြနေတာဖြစ်ပေမယ့်လည်း လိုအပ်တယ်ဆိုရင် ကစားပေးနိုင်ပြီး အနည်းဆုံးတော့ အလှည့်ကျပွဲထုတ်ဖို့ လိုလာတဲ့အချိန်ကျရင် အသုံးတည့်မှာပါ။
၃။ ကွင်းလယ်မဏ္ဍိုင် ၂ ရပ်မှာ တစ်စိတ်တပိုင်းအဖြစ် ထည့်သွင်းနိုင်ခြင်း
ရိုက်စ်ဟာ အသင်းဖော်သစ်တွေဖြစ်လာနိုင်တဲ့ကစားသမားတွေနဲ့တောင် အတူတူတွဲပြီး အလုပ်လုပ်နိုင်ခဲ့ပြီး အာဆင်နယ်က လွတ်လပ်စွာ စီးမျောခြင်း၊ ဘောလုံးပိုင်ဆိုင်မှုအခြေခံတဲ့ ကစားပုံကို များသောအားဖြင့် ရွေးချယ်လေ့ရှိပေမယ့်လည်း ကစားရခက်တဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ပိုပြီး သတိကြီးကြီးထားတဲ့ ချဉ်းကပ်ပုံကို အသုံးပြုတာကြောင့် ကွင်းလယ်မှာ မဖြစ်မနေ လူများများထား ကစားရပါတယ်။ အဲဒီလိုပွဲအခြေအနေမှာ ဂန်းနားတွေဟာ ၄-၄-၂ နဲ့ ဖိအားပေးမှုတွေကို ကြံ့ကြံ့ခံ ပိတ်ဆို့လေ့ရှိပြီး ဒီကစားကွက်အောင်မြင်ဖို့ဆိုရင် ခံစစ်ပိုင်းနောကြေတဲ့ အားကောင်းမောင်းသန် ကွင်းလယ်ဗဟိုကစားသမား ၂ ဦးကို မှီခိုရပါတယ်။ ဒီကလန် ရိုက်စ်ဟာ ဗဟိုခံစစ်နေရာမှာပါ ကစားနိုင်တဲ့ ကျွမ်းကျင်မှုရှိတာကြောင့် ဒီအတွက်တော့ ပူစရာမရှိဘဲ ကွင်းလယ်အထိုင် ၂ ဦးကစားကွက်က အာဆင်နယ်ရဲ့ ကွင်းလယ်က နေရာအများအပြားကို ကာဗာလုပ်နိုင်စေမှာဖြစ်သလို ဒုတိယဘော အနိုင်ရနိုင်ခြေကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရိုက်စ်က ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကြီးမားတဲ့တည်ငြိမ်မှုကို ရရှိအောင် လုပ်ဆောင်ပေးနိုင်ပြီး ဖိအားကြီးကြီးပေးတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ တိုက်စစ်ဆင်ဖို့ လုံခြုံမှုကို ပေးစွမ်းနိုင်မှာဖြစ်သလို ၎င်းရဲ့ ကွင်းလယ်တွဲဘက်ကလည်း မရှိမဖြစ် လိုအပ်တဲ့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားချိန်မှာ ကာဗာလုပ်ပြီး အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။နည်းဗျူဟာပိုင်းအရ နေရာစုံကစားနိုင်စွမ်းက အာတီတာအတွက် အဓိကစံနှုန်းတစ်ခုဖြစ်ပြီး ဒီကလန် ရိုက်စ်ရဲ့ တစ်ဦးတည်းရော တွဲဖက်ပြီးပါ ကစားနိုင်စွမ်းက စပိန်လူမျိုးနည်းပြရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis