မျှော်မှန်းသွင်းဂိုးကို ကျော်လွန်ပြီး မာတီနယ်လီ ဆက်လက် စွမ်းဆောင်ပြနိုင်မယ့် အကြောင်းအရင်း
စိတ်လှုပ်ရှားလွယ်ပြီး အကြောက်အရွံ့ကင်းတဲ့ အသက် ၁၈ နှစ်အရွယ် ကစားသမားအဖြစ်ကနေ အာဆင်နယ်ယန္တရားထဲက အဓိက ခွေးသွားစိတ်တစ်ခုအဖြစ် တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းမြင့်မားလာတာကို ကြည့်ရှုရတာ ပျော်ရွှင်စရာဖြစ်ခဲ့ပေမယ့်လည်း အခုမှ စတင်နေရုံသာ ရှိသေးတာဖြစ်ပါတယ်။
အရင်တုန်းက အသုံးပြုဖို့ တွန့်ဆုတ်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေစပြီး အာတီတာက မာတီနယ်လီကို ပွဲထွက်ကစားသမားအဖြစ် ယုံကြည်မှု ပေးခဲ့တာဖြစ်ပြီး အဲဒီကတည်းက လူငယ်ဘရာဇီးလ်ကစားသမားဟာ နောက်ပြန်မလှည့်တမ်း တစ်ပွဲချင်းစီ ပိုမိုကောင်းမွန်လာတဲ့ခြေစွမ်းနဲ့အတူ အဆင့်သစ်တစ်ခုကို ရောက်ရှိခဲ့ပုံပေါ်ပါတယ်။
မာတီနယ်လီဟာ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အချင်း ကုန်ကြမ်းတွေအားလုံးရှိပြီး အလွန်တင်းကြပ်တဲ့ ညွှန်ကြားချက်တွေနဲ့အတူ အာတီတာက ဒီအကြမ်းထည်ကို အချောသတ်ပေးနေတာဖြစ်ပါတယ်။ မာတီနယ်လီဟာ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲစဉ်ကို ကစားဖို့ သင်ယူနေပြီး ၎င်းရဲ့ အာဆင်နယ်ကစားသမားဘဝ အစောပိုင်းတုန်းက မြင်တွေ့ခဲ့ရတဲ့ ပျာယာခတ်မှုမျိုး မရှိတော့တာဖြစ်ပါတယ်။
ဒီတည်ငြိမ်မှုနဲ့ ရင့်ကျက်မှုဟာ မာတီနယ်လီရဲ့ ပွဲစဉ်အတွင်းမှာ အကြီးမားဆုံးတိုးတက်လာမှုဖြစ်ပြီး ဘာကြောင့်လဲဆိုရင် ဘရာဇီးလ်ကြယ်ပွင့်မှာ ဒီအရည်အချင်းတွေက အမြဲတမ်းရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ တည်ငြိမ်မှုက ဘောလုံးအပေါ်မှာ အာရုံစူးစိုက်မှုအဆင့်အတန်းကို ပိုမိုမြင့်မားလာစေပြီး ယခုရာသီမှာ မျှော်မှန်းသွင်းဂိုးထက် ပိုမိုသာလွန်အောင် စွမ်းဆောင်ပြထားနိုင်တဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အချိန်အထိ မာတီနယ်လီဟာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ထက် ၁ ဂိုးသာ လျော့နည်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတီနယ်လီရဲ့ မျှော်မှန်းသွင်းဂိုးဟာ ၈.၅ ဂိုးသာ ရှိတာဖြစ်ပြီး လူအချို့ကတော့ ဒီလိုမျိုး ဂိုးသွင်းခြေစွမ်းဟာ ရေရှည်ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူးလို့ ပြောကြမှာဖြစ်ပေမယ့်လည်း မာတီနယ်လီနဲ့ဆိုရင် အဲဒီယူဆချက်တွေက ဆန့်ကျင်ဘက်ဖြစ်လိမ့်မယ်လို့ ခံစားရပါတယ်။
နော်တင်ဟမ်ဖောရက်စ်ကို ၅-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲကို ဥပမာထားပြောရရင် မာတီနယ်လီဟာ ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပြီး အဆုံးသတ်ခဲ့ပေမယ့်လည်း မျှော်မှန်းသွင်းဂိုး ၀.၂၇ ဂိုးသာ ရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာလည်း အလားတူပဲဖြစ်ပြီး မာတီနယ်လီရဲ့ မျှော်မှန်းသွင်းဂိုးဟာ ၀.၃၉ ဂိုးသာ ရှိနေပေမယ့်လည်း အာဆင်နယ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဒီသွင်းဂိုး ၂ ဂိုးစလုံးမှာ သင့်တော်တဲ့ နေရာထဲကို ရောက်ရှိဖို့ ရဲရင့်မှု၊ စိတ်ပိုင်းဖြတ်မှုတို့နဲ့အတူ ၎င်းရဲ့ခန္ဓာကိုယ်ကို နောက်ခံလူတွေကြားထဲကို ပစ်ဝင်ခဲ့တာဖြစ်ပါတယ်။
ဒါကပဲ မာတီနယ်လီဆိုတာကို ပြောပြနေတာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ အခွင့်အရေးတွေ ရောက်ရှိလာမှာကို စောင့်ဆိုင်းနေတတ်သူမဟုတ်ဘဲ အန္တရာယ်ရှိတဲ့ ဧရိယာထဲကို တိုးဝင်ပြီး နောက်ခံလူတွေကို ပြဿနာတွေ ဖန်တီးပေးတတ်သူဖြစ်ပါတယ်။
အလားတူပဲ တနင်္ဂနွေနေ့က အန်းဖီးမှာ မာတီနယ်လီဟာ မျှော်မှန်းသွင်းဂိုး ၀.၁၅ ဂိုးသာ ရှိခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ဒီသွင်းဂိုးဟာ ခံစစ် ၃ ဦးနဲ့ ရှေ့ကို ပြေးတက်လာတဲ့ ဂိုးသမားကြား ရဲရဲဝံ့ဝံ့နဲ့ ဝင်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။
တစ်ခါတရံမှာ မျှော်မှန်းသွင်းဂိုးက ကစားသမားတစ်ယောက်အနေနဲ့ ဂိုးရှေ့မှာ သူ့ရဲ့ ခြေစွမ်းကို ဘယ်လောက်အထိ ကြာကြာ ထိန်းသိမ်းထားနိုင်လဲဆိုတာကို ညွှန်ပြနေတဲ့ ကောင်းမွန်တဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပေမယ့် မာတီနယ်လီအတွက်တော့ ရှုပ်ယှက်ခတ်နေတဲ့ကြားထဲကို ဝင်တိုးရဲတဲ့ သတ္တိကြောင့် မျှော်မှန်းသွင်းဂိုးထက် ကျော်လွန်ပြီး ဆက်လက် စွမ်းဆောင်ပြနိုင်မယ်လို့ ခံစားရပါတယ်။
မာတီနယ်လီဟာ သူ့ရဲ့ သွင်းဂိုးတွေကို မတူညီတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ သွင်းယူခဲ့တာလည်း ဖြစ်ပြီး ညာခြေနဲ့ ၇ ဂိုး၊ ဘယ်ခြေနဲ့ ၄ ဂိုး၊ ဦးခေါင်းနဲ့ ၃ ဂိုး သွင်းယူထားခဲ့ရာမှာ ၁၃ ဂိုးအထိ ပင်နယ်တီဧရိယာထဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီရဲ့ ခြေ ၂ ဖက်စလုံး အသုံးပြုနိုင်မှု၊ ဦးခေါင်းနဲ့လည်း ဂိုးသွင်းနိုင်စွမ်းရှိတာကြောင့် ပင်နယ်တီဧရိယာထဲမှာ အမြဲတမ်း ခြိမ်းခြောက်မှု တစ်ခုဖြစ်နေမှာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်သာ ဆက်လက်ပြီး ၎င်းရဲ့ ပွဲစဉ်ကို ပြင်ဆင်မွမ်းမံပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် မျှော်မှန်းသွင်းဂိုးထက် ကျော်လွန်ပြီး ဆက်လက် စွမ်းဆောင်ပြနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Featured Article