ဘေးလူတွေတောင် စိုးရိမ်နေရတဲ့ ငရုတ်သီးလေးအရေး အာတီတာ လစ်လျူရှုနေသလား
အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်နဲ့ ယူရီယန် တင်းဘားတို့ကို သိပ်မကြာမီ အချိန်အတွင်း အပြီးသတ်ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာတော့မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ယခုနွေရာသီမှာ နောက်ထပ်ကစားသမားခေါ်ယူမှုတစ်ခု ပြုလုပ်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။
ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်နဲ့ အိုင်းယက်စ်နောက်ခံလူတို့ ၂ ယောက်အတွက် ပေါင် ၁၄၅ သန်း အထိ သုံးစွဲသွားရမှာဖြစ်ပြီး ယခုနွေရာသီ အပြောင်းအရွှေ့စျေးကွက်အစမှာ ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားခဲ့တာကြောင့် စုစုပေါင်း အသုံးစရိတ်ဟာ ပေါင်သန်း ၂၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းအတွက် ချဲလ်ဆီးကြယ်ပွင့်ဟောင်းတစ်ဦးတည်းကသာ တိုက်စစ် ကစားသမားခေါ်ယူမှုဖြစ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ဂန်းနားတွေအနေနဲ့ ယခုနွေရာသီကို အောင်မြင်တဲ့ နွေရာသီအပြောင်းအရွှေ့ကာလဖြစ်အောင် နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ရီယို ဖာဒီနန်က ယူရီယန် တင်ဘားရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေချိန်မှာ အာတီတာအနေနဲ့ ဂန်းနားပရိသတ်တွေရဲ့ အချစ်တော် ဘူကာယို ဆာကာရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင်ဖို့ နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးလောက် လိုချင်နေတာ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား အထူးသဖြင့် တောင်ပံနေရာတွေမှာ ကာဗာလုပ်နိုင်ဖို့အတွက် နောက်ထပ် တိုက်စစ်ကစားသမားတစ်ဦးလောက်တော့ လိုအပ်နေသေးတာဖြစ်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ခိုင် ဟာဗတ်ဇ်က တချို့အချိန်တွေကျရင်တော့ အဲဒီနေရာမှာ ကာဗာလုပ်ပေးနိုင်မှာပါ။ ဒါပေမယ့် ခင်ဗျား တစ်ယောက်လောက်တော့ လိုအပ်ဦးမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ထင်တယ်။ ခင်ဗျား ဘူကာယို ဆာကာကို နောက်ထပ်တစ်ရာသီလောက် တစ်ပွဲမှ မလွဲချော်ဘဲ ရာသီပြည့်ကစားခိုင်းလို့ မရနိုင်ပါဘူး။ သူ့အနေနဲ့ တစ်ပွဲ၊ နှစ်ပွဲလောက်ကတော့ လွဲကောင်း လွဲနိုင်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ သူ့လို ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အတွက်ဆိုရင် ပွဲတွေကစားခဲ့ရတာ အရမ်းများတယ်။ သူ တော်တော်လေး ပြိုင်းသွားမှာပါ။ ခင်ဗျား သူ့ကိုလည်း နည်းနည်းလေး အနားပေးဖို့ လိုပြီး သူ့ကို အသင်းထဲကနေ ထုတ်လိုက်ရတဲ့အချိန်ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိန်းဂဏန်းတွေကတော့ ကြီးကြီးမားမား ကျဆင်းသွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ဆာကာဟာ အာဆင်နယ်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့ရတယ်ဆိုတာကိုတော့ ငြင်းလို့မရဘဲ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ ၁၉၉၀ ပြည့်နှစ် အစောပိုင်းတွေတုန်းက လီးဒစ်ဆန် နောက်ပိုင်း ၂ ရာသီဆက်တိုက် လိဂ်ပွဲစဉ်တိုင်းမှာ ပါဝင်ကစားပေးခဲ့တဲ့ ပထမဆုံး ဂန်းနားကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒီနေ့ခေတ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုတွေအရ ဆာကာအနေနဲ့ ၃ ရာသီဆက်တိုက် လိဂ်ပွဲစဉ်တိုင်းကို ပါဝင်ကစားဖို့ကတော့ အာတီတာလည်း ဖြစ်ချင်မယ့်ကိစ္စမဟုတ်ဘူးလို့ ယူဆရပြီး စပိန်လူမျိုးနည်းပြက အရင်တုန်းက ကမ္ဘာ့အကောင်းဆုံးကစားသမားတွေဟာ တစ်ပတ်မှာ ၃ ကြိမ်အထိ မကြာခဏ ကစားရတဲ့အကြောင်းကို ပြောခဲ့ပေမယ့် ဆာကာသာ အဲဒီနှုန်းနဲ့သာ ကစားရင် ဒဏ်ရာရရင်ရ၊ မရရင် ခြေကုန်လက်ပမ်းကျသွားနိုင်ပါတယ်။
ဂန်းနားတွေဟာ ဆာကာကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ညာတောင်ပံကစားသမားတစ်ဦး ယခုနွေရာသီမှာ ခေါ်ယူသွားမယ်လို့ အရင်တုန်းက သတင်းတွေထွက်ခဲ့ပေမယ့်လည်း လက်ရှိအနေအထားအရဆိုရင် အာတီတာအတွက် အဲဒီနေရာဟာ ဦးစားပေးမဟုတ်တော့ပုံပေါ်ပါတယ်။
ဒါပေမယ့်လည်း လာမယ့်ရာသီမှာ ပြီးခဲ့တဲ့ရာသီနဲ့မတူဘဲ ချန်ပီယံလိဂ် ပွဲစဉ်တွေပါ ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်တာကြောင့် ဂန်းနားတွေအနေနဲ့ လက်ရှိ လူစာရင်းနဲ့တင် မလုံလောက်သေးတာထင်ရှားပြီး အာတီတာအနေနဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်ချင်တယ်ဆိုရင် ပြီးခဲ့တဲ့ရာသီထက် အဆပေါင်းများစွာ ပိုမိုအားကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်မှသာ ဖြစ်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Featured Article