နိုင်ငံတကာနားရက်အပြီး ဆုဖလားစိန်ခေါ်မှုအတွက် အရေးကြီးတဲ့ ကစားသမား ၄ ဦး
အာဆင်နယ်အသင်းဟာ ယခုရာသီမှာ အကောင်းဆုံးပုံစံနဲ့ ကစားနေပြီး နိုင်ငံတကာအားလပ်ရက်ကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ပြီး ဖြတ်သန်းနေတာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပတ်သက်တဲ့သူတိုင်းဟာ နိုင်ငံတကာပွဲစဉ်တွေကို စိတ်လှုပ်ရှားစရာ စောင့်ကြည့်နေကြတာဖြစ်ပြီး ရာသီကုန်ဖို့ ၁၀ ပွဲလိုသေးတာကြောင့် အဓိကကစားသမားတွေ ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတ်ယ။
ဂန်းနားတွေဟာ ဇန်နဝါရီလမှာ ကစားသမားခေါ်ယူမှုပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲစဉ်တွေမှာ စောစောစီးစီး လူစားလဲလှယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမိးယားလိဂ်ဆုဖလား စိန်ခေါ်မှုအတွက် အရေးကြီးလာမယ့်ကစားသမား ၄ ဦးရှိနေပါတယ်။
၄။ ဂါဘရီယဲလ်
ဂါဘရီယဲလ်ဟာ ဒီရာသီမှာ အာဆင်နယ်ခံစစ်အတွက် အရေးပါခဲ့သူဖြစ်ပြီး ရာသီအစောပိုင်းမှာ အမှားအယွင်းအချို့ရှိခဲ့ပေမယ့်လည်း ခံစစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဂါဘရီယဲလ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှု၊ ခံစစ်ပိုင်း ကောင်းမွန်မှုနဲ့ ဘောလုံးကစားနိုင်စွမ်းတွေကြောင့် ဂန်းနားတွေဟာ ပြိုင်ဘက်တိုက်စစ်ကို ဖြတ်တောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ ဒီရာသီမှာ ရင်ဆိုင်ခဲ့ရသမျှ စမ်းသပ်မှုတွေကို အောင်မြင်ခဲ့ပြီး အလက်ဇန်းဒါး မီထရိုဗစ်လို ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ တိုက်စစ်မှူးမျိုး၊ ဂျိုတာလိုမျိုး လှည့်ကွက်များတဲ့ ကစားသမားမျိုးနဲ့ ရင်ဆိုင်ရာမှာ မားမားမတ်မတ် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂါဘရီယဲလ်ရဲ့ ခေါင်းတိုက်စွမ်းရည်ကလည်း ပင်နယ်တီဧရိယာ ၂ ခုစလုံးမှာ ဆက်လက်ပြီး အထင်ကြီးဖွယ် ပြသနေပြီး ပွဲဖတ်နိုင်စွမ်းနဲ့ တစ်ခါတုန်းက မေးခွန်းထုတ်စရာဖြစ်ခဲ့တဲ့ ဘောလုံးကိုင်က စားနိုင်စွမ်းတွေမှာပါ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ မိုက်မဲမှု၊ အဆင်အခြင်မဲ့ဖျက်ထုတ်မှုတွေကို ဆင်ခြင်နိုင်ခဲ့တာကြောင့် အာဆင်နယ်လိုအပ်တဲ့ ခံစစ်မှူးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာရဲ့ဒဏ်ရာက အစတုန်းက ထင်တာထက် ပိုပြင်းထန်တာကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားရဖို့ အခွင့်အရေးရှိဖို့ဆိုရင် ဂါဘရီယဲလ်က အထင်ကြီးဖွယ်ခြေစွမ်းဆက်လက်ပြသဖို့ လိုမှာဖြစ်ပါတယ်။
၃။ သောမတ်စ် ပါတေး
သောမတ်စ် ပါတေးဟာ ခြေစွမ်းပိုင်းတည်ငြိမ်မှုနဲ့ ပုံစံကောင်းပြသနေတဲ့ ကစားသမားဖြစ်ပြီး ပါတေး ဒဏ်ရာရသွားတာ ဒါမှမဟုတ် အလှည့်ကျပွဲထုတ်ပုံကြောင့် အနားပေးခံရတဲ့အချိန်ကျရင် အာဆင်နယ်ကွင်းလယ်ဟာ နှေးကွေးပြီး လေးလံနေပုံပေါ်ပါတယ်။ ဂျော်ဂျင်ညိုက အရည်အသွေးရှိတဲ့ကစားသမားဖြစ်ပေမယ့်လည်း ဂါနာကြယ်ပွင့်လုပ်ပေးနိုင်တာတွေနဲ့ နှိုင်းယှဉ်လို့မရတာဖြစ်ပါတယ်။ ပါတေးရဲ့ ရုန်းအား၊ ဘောလုံးစွမ်းရည်ကောင်းမွန်မှုတွေက ကွင်းလယ်တစ်ခုလုံးကို တစ်ယောက်တည်း လွှမ်းမိုးထားနိုင်စေခဲ့ပြီး တိုက်စစ်ကစားသမားတွေကို တောက်ပခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ပါတေးဟာ ဘောလုံးပေးပို့မှုတွေနဲ့ ရှေ့တက်ဖို့ အမြဲကြိုးပမ်းနေပြီး အခွင့်အရေးရတိုင်း ပြိုင်ဘက်ခံစစ်ကို ဖြိုခွဲဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဂါနာကွင်းလယ်လူရဲ့ နည်းစနစ်ပိုင်းအရည်အသွေးကြောင့်လည်း အသင်းဖော်တွေက ယုံကြည်မှုရှိပေမယ့် မကြာသေးမီက ဒဏ်ရာမှတ်တမ်းတွေကြောင့် ပါတေးရဲ့ ကြံ့ခိုင်မှုက အမြဲတမ်းစိုးရိမ်စရာဖြစ်နေခဲ့တာဖြစ်ပါတယ်။ ပါတေးရဲ့ နေရာမှာ အစားထိုးနိုင်မယ့်သူမရှိတာက ပြဿနာတစ်ခုဖြစ်ပြီး အာတီတာသာ ဂါနာကွင်းလယ်လူရဲ့ ပွဲကစားချိန်ကို ပါးပါးနပ်နပ်နဲ့ စီမံခန့်ခွဲပြီး အမြဲတမ်း လန်းဆန်းနေအောင် ထားနိုင်မယ်ဆိုရင် ၁၉ နှစ်အတွင်း ဂန်းနားတွေရဲ့ ပထမဆုံး အမှတ်ပေးဖလားကို ရရှိအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။
၂။ ဂါဘရီယဲလ် ဂျေးဇု
အာဆင်နယ်ဟာ ဂျေးဇုမပါဘဲလည်း အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့် ရောက်လာမှုက အာဆင်နယ်ရဲ့ တိုက်စစ်ကစားပုံကိုပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျေးဇုရဲ့ နောက်ဆင်းပြီး ဘောလုံးရယူနိုင်စွမ်း၊ နည်းစနစ်ပိုင်းအရည်အသွေး၊ စိတ်ဆန္ဒပြင်းပြမှုတွေက တိုက်စစ်က ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရာသီအစောပိုင်းတုန်းက လွှမ်းမိုးနိုင်စွမ်းရှိခဲ့တာ ငြင်းလို့မရနိုင်ပေမယ့်လည်း အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့ကလည်း အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ပြသနေတာကြောင့် ဘရာဇီးလ်တိုက်စစ်မှူး မပါဝင်နိုင်မှုက ဂန်းနားတွေအတွက် ကြီးကြီးမားမား ခံစားခဲ့ရခြင်းမရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂျေးဇုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တွေမှာ သက်တောင့်သက်သာနဲ့ ပြန်လည်အံဝင်ခဲ့ပြီး ၎င်းရဲ့ အင်တိုက်အားတိုက်ကစားပုံ၊ လုပ်အားနှုန်းနဲ့အတူ အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသနေတာဖြစ်ပါတယ်။ ဂန်းနားလူစာရင်းဟာ ငယ်ရွယ်သေးပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုတွေက ခြေစွမ်းကျဆင်းမှုဆီ ဦးတည်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဂျေးဇုရဲ့ ပြင်းထန်တဲ့ ဒဏ်ရာကနေ ပြန်လာနိုင်မှုက အသင်းလူစာရင်းအတွက် ရုပ်ပိုင်းဆိုင်ရာအရ အားတက်စရာဖြစ်လာပြီး ကွင်းအတွင်းက ၎င်းရဲ့ အရည်အချင်းတွေကလည်း ဂန်းနားတို့ အမှတ်ပေးဖလားရယူဖို့ ကြိုးပမ်းမှုမှာလည်း အရေးကြီးလာမှာဖြစ်ပါတယ်။
၁။ ဘူကာယို ဆာကာ
ဆာကာဟာ အပတ်တိုင်း အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပုံမှန်ပြသပြီး ကမ္ဘာ့အဆင့်ကို ရောက်ရှိဖို့ ခြေလှမ်းပြင်နေတဲ့ကစားသမားဖြစ်ပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ကို ကွင်းထဲမှာ ပြေးလွှားပြီး အသင်းဖော်တွေနဲ့ ပေါင်းစပ်ကစားရင်း လှပတဲ့ အဆုံးသတ်မှုတွေ ပြုလုပ်နေတာကို မြင်တွေ့ရတာ ပျော်ရွှင်မှုတစ်ခု ဖြစ်ပါတယ်။
ပဲလေ့စ်နဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဆာကာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းမှာတင် သွင်ဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ရှိလာခဲ့ပြီဖြစ်ပြီး ဟေးအမ်းအကယ်ဒမီထွက်ကြယ်ပွင့်ဟာ လာမယ့်နှစ်တွေမှာ အာဆင်နယ်အတွက် အဓိကဆုဖလားတွေ ရယူနိုင်အောင် ကူညီပေးနိုင်မယ့် ကစားသမားဖြစ်တာကြောင့် ပါတေးလိုပဲ အာတီတာ ဂရုတစိုက်ကိုင်တွယ်ရမယ့်ကစားသမားဖြစ်ပါတယ်။ အဲဒီလိုသာ ဂရုတစိုက် ကိုင်တွယ်မယ်ဆိုရင် ဆာကာဟာ ၎င်းရဲ့ အထင်ကြီးစရာကောင်းနေပြီးသား ကစားသမားဘဝမှာ အကြီးမားဆုံး ဆုဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis