နယူးကာဆယ်နဲ့ပွဲမှာ အာတီတာသင်ယူခဲ့ရတဲ့သင်ခန်းစာ ၃ ခု
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အကောင်းဆုံးပုံစံ ရရှိနေတဲ့ နယူးကာဆယ်အသင်းကို ၂-၀ နဲ့ အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူနေမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ၎င်းတို့ရဲ့ စွမ်းဆောင်ရည်နဲ့ အဓိကမေးခွန်းအချို့ကို အဖြေပေးနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေက တောက်ပတဲ့ စွမ်းဆောင်ရည် ပြသခဲ့တာကြောင့် အာတီတာလည်း ဒီပွဲစဉ်ကနေ သင်ခန်းစာယူစရာတွေ ရှိခဲ့တာဖြစ်ပါတယ်။
သင်ခန်းစာ ၁- ထိပ်တန်းခြေစွမ်းပိုင်ဆိုင်နေသေးတဲ့ ဂျော်ဂျင်ညို
သောမတ်စ် ပါတေးက ဒီရာသီမှာ အာဆင်နယ်အတွက် အချိန်တော်တော်များများမှာ တောက်ပခဲ့ပေမယ့်လည်း ဂါနာကွင်းလယ်လူရဲ့ ခြေစွမ်းဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ အားလပ်ရက်အပြီးကတည်းက အနည်းငယ်ကျဆင်းလာခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ နောက်ဆုံး ၂ ပွဲမှာ ဂျော်ဂျင်ညိုက ပွဲထွက်ပါဝင်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ကောင်းမွန်ခဲ့တဲ့ အီတလီကွင်းလယ်လူဟာ နယူးကာဆယ်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားက ပွဲအရှိန်ကို သတ်မှတ်ပေးခဲ့ပြီး အာဆင်နယ်ခံစစ်အပေါ် ဖိအားတွေကို လျော့ပါးအောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းကို ၎င်းတို့ရဲ့ ကွင်းဘက်ခြမ်းကနေ တိုက်စစ် စတင်နိုင်အောင် ပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်အဖြစ် အထောက်အပံ့ပေးခဲ့တာပါ။ အဲဒါကြောင့်ပဲ ဂျော်ဂျင်ညိုဟာ ဂယ်ရီ နဗီးရဲ့ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
သင်ခန်းစာ ၂- ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ခီဗီယော
ပြီးခဲ့တဲ့လက မန်စီးတီးနဲ့ပွဲစဉ်မှာ ဟိုးဒင်းကို အသုံးပြုဖို့ ရွေးချယ်ခဲ့တဲ့ အာတီတာကို အာဆင်နယ်ပရိသတ်အချို့က စိတ်ပျက်ဒေါသထွက်ခဲ့ပြီး ပွဲထွက်ကစားပေးဖို့ စောင့်ဆိုင်းနေတဲ့ ခီဗီယောက ဟာလန်းနဲ့ အပေါင်းအပါတွေကို ထိန်းသိမ်းဖို့ အသုံးပြုခြင်းခံခဲ့ရသင့်တယ်လို့ ခံစားမိခဲ့ကြတာဖြစ်ပါတယ်။ အာတီတာက အသက် ၂၃ နှစ်အရွယ်ကစားသမားကို အဆင်သင့်ဖြစ်နေတဲ့ပုံမပေါ်ဘူးလို့ ထင်မြင်နေတာဖြစ်ပေမယ့်လည်း ဒီနေ့မှာတော့ အင်္ဂါနေ့တုန်းက ချဲလ်ဆီးနဲ့ပွဲတုန်းက လုပ်ခဲ့တဲ့အတိုင်း ထပ်လုပ်ပြခဲ့တာဖြစ်ပါတယ်။ ခီဗီယောဟာ အလက်ဇန်းဒါး အိုင်းဆက်နဲ့ ကယ်လမ် ဝီလ်ဆင်တို့ ၂ ဦးစလုံးရဲ့ ခြိမ်းခြောက်မှုတွေကို ပြီးပြည့်စုံတဲ့ တားဆီးမှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ အထင်ကြီးဖွယ် ပေးဂိုးမရှိ ပွဲစဉ်မှာ အဓိကအစိတ်အပိုင်းဖြစ်ခဲ့တာဖြစ်ပါတယ်။
သင်ခန်းစာ ၃- ကစားပေးဖို့ အခန်းကဏ္ဍရှိနေတဲ့ တီယာနီ
ပါတေးနဲ့ ဂျော်ဂျင်ညိုတို့ရဲ့ အခြေအနေအတိုင်းပဲ တီယာနီကလည်း ယခုရာသီအချိန်အများစုကို ဇင်ချန်ကိုရဲ့ အရန်ကစားသမားအဖြစ် ကစားပေးခဲ့ရတာဖြစ်ပေမယ့်လည်း စကော့ နောက်ခံလူက နယူးကာဆယ်နဲ့ပွဲမှာ ၎င်းက ထူးခြားဆန်းကြယ်တဲ့ နောက်ခံလူဖြစ်နေဆဲဖြစ်ကြောင်း အားလုံးကို သတိပေးခဲ့တာဖြစ်ပါတယ်။ တီယာနီဟာ ယခုရာသီမှာ ဇင်ချန်ကို မကြာခဏ လုပ်ဆောင်နိုင်ခဲ့တဲ့ မျှောထိုးပေးပို့မှုတွေနဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်မှုတွေ မပြုလုပ်နိုင်တာ ဖြစ်နိုင်ပေမယ့် သာလွန်တဲ့ နောက်ခံကစားသမားဖြစ်နေဆဲဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ပွဲကစားချိန် နာရီဝက်လောက် ကျန်သေးတဲ့အချိန်မှာ တီယာနီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး နယူးကာဆယ်ရဲ့ တိုက်စစ်ဆင်မှုတွေက ဂန်းနားတွေရဲ့ ဘယ်တောင်ပံကနေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တီယာနီ ဝင်လာပြီးတာနဲ့ ချက်ချင်းပဲ အခြေအနေက ပြောင်းလဲသွားခဲ့ပြီး အိမ်ရှင်တွေဟာ စကော့နောက်ခံလူ ဝင်လာပြီးကတည်းက ဘယ်တောင်ပံကနေ ဂိုးပေါက်ကန်သွင်းဖို့ ကြိုးပမ်းမှု ပိုမိုနည်းပါးသွားခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီကို မြင့်မားတဲ့ စိတ်ဓာတ်နဲ့ ဖြတ်သန်းသွားနိုင်အောင် အာတီတာအနေနဲ့ ဒီကစားသမား ၃ ဦးစလုံးကို ရာသီမကုန်ခင် ပွဲကစားချိန်ပိုမိုပေးအပ်သင့်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Articles
- Player Analysis